လွိုင်ကော် – ဧပြီ(၁၅)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ စစ်ကောင်စီပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက် ခံရတာကြောင့် ထိိခိုက်မှုတွေရှိနိုင်တယ်လို့ လွိုင်ကော်ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဧပြီလ(၁၅)ရက် သင်္ကြန်အကြတ်နေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်တပ် အရာရှိ တွေနဲ့ ရေကစားနေသူတွေထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

“အသေအပျောက်တော့မကြားဘူး။ထိခိုက်တာတော့ရှိတယ်။ဒါပေမယ့်ဘယ်သူ့ကိုမှပေးမဝင်ဘူး။သူတို့ဘာသာသူတို့အကုန်ပြင်ဆင်ထားပြီးသား။စစ်တပ်ကပဲအကုန်ကားတွေနဲ့ခေါ်သွားပြီးကုသ ပေးနေတယ်” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဗုံးပေါက်ကွဲပြီးနောက် အဲဒီနေရာတဝိုက်ကို ရှာဖွေစစ်ဆေးတာတွေ လုပ် ဆောင်နေတယ်လို့ သူက ပြောပါသေးတယ်။ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ပြောဆိုတာတွေရှိပေမယ့် ဘယ်လောက်ထိခိုက်သေဆုံးခဲ့တယ်ဆိုတာ ကိုတော့ သံလွင်တိုင်းအနေနဲ့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ပြောလို့မရသေးဘူးလို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး သင်္ကြန်မဏ္ဍပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ ကလုပ်ဆောင်ခဲ့တယ်ဆိုတာ ကိုတော့ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် သင်္ကြန်ကလည်း ကယားပြည်နယ်အစိုးရအဖွဲ့ရုံး သင်္ကြန်မဏ္ဍပ် မှာဗုံးပေါက်ကွဲမှာ ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ကယားပြည်နယ် ဗဟိုမဏ္ဍပ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.