ညောင်လေးပင်၊ ဧပြီ(၁၃)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျေးရွာ(၂)ရွာက ဒေသခံပြည်သူဦးရေ (၂၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၁)ရက်နေ့က စစ်ကောင်စီ ဘောကထာတပ်စခန်းကနေ ကျောက်ကြီးမြို့နယ်အ တွင်းရှိ မဘီကျေးရွာထဲကို လက်နက်ကြီး(၅)လုံး ပစ်ခတ်ခဲ့ရာ (၅)လုံးအနက် (၄)လုံးပေါက်ကွဲခဲ့ပြီး သိက္ခာတော်ရဆရာတစ်ဦးရဲ့နေအိမ်ကို ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ ပဒဲကောကျေးရွာထဲကို လက်နက်ကြီး(၁)လုံး ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိဘူးလို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU ကျောက်ကြီးမြို့နယ်အတွင်းက ကျေး ရွာ (၂)ရွာဖြစ်တဲ့ မဘီကျေးရွာနဲ့ ပဒဲကျေးရွာက ပြည်သူလူထုစုစုပေါင်း(၂၆၉၃)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU တပ်မ ဟာ(၇) ခုလုံးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ပိုတိုးလာသလို လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံစောနန္ဒဆူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရေရှည်ပေါ့နော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေအတွက်ကကြတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဆက်ပြီးတော့လိုအပ်တယ်။ လုံခြုံရေး၊ ဘေးကင်းလုံခြုံရေး လူ့အခွင့် အရေးတွေ ချိုးဖောက်ခံနေရတယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအခွင့်အလမ်းချိုး ဖောက်ခံနေရတယ်ပေါ့နော်။ နောက်ပြီးတော့ လွတ်လပ်စွာသွားလာနေထိုင်ခွင့် အခွင့်အရေးချိုးဖောက်ခံနေရတာပေါ့လေ။ ဒီလိုမျိုး စစ်ရေးပြင်းထန်လာတဲ့အပေါ်မှာသော်လည်းကောင်း၊ အထူးသဖြင့် လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာမျိုးတွေ၊ မတရားဖမ်းဆီး သတ်ဖြတ် တာမျိုးတွေလုပ်ဆောင်တဲ့အပေါ် ဒါတွေကတော့ ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို ဒါဟာ စစ်ရာဇဝတ်မှုလည်းမြောက်တယ်။ နိုင်ငံတ ကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလည်းချိုးဖောက်ရာရောက် တယ်ပေါ့နော် ” လို့ ဆိုပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း KNU အုပ်ချုပ်နယ်မြေအတွင်းရှိ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုနဲ့အတူ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းကျော်အထိ ရှိလာနိုင်ပြီး အမြဲတမ်းစစ်ရှောင်ပြည်သူတွေမှာ အကူအညီတွေ ပိုမိုလို အပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

KNU နယ်မြေထဲမှာတော့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူး လွန်မှုတွေ မကြာခဏလုပ်ဆောင်နေတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း KNU နယ်မြေထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲအကြိမ် ၈၀၀၀ ကျော် ဖြစ်ပွားထားပြီး ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.