သထုံ၊ ဧပြီ(၁၃)

မွန်ပြည်နယ်၊ သထုံနဲ့ဘီးလင်းမြို့နယ်တို့မှာ ဧပြီ ၁၂ ရက်နေ့က နယ်မြေကျော် စစ်ရေးဝင်ရောက်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် ၆ ဦး သေဆုံးပြီး၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၈ နာရီလောက်မှာ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာရှိ ဒေသခံနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

တဆက်တည်း ဒီဇင်ဘာ(၁၂)နေ့ မနက်ပိုင်းမှာလည်း သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာနဲ့ညောင်ကုန်း ကျေးရွာ အကြားမှာ နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပေမယ့် မြေပြင်အခြေအနေ အသေး စိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

သထုံနဲ့ဘီးလင်းမြို့နယ် တိုက်ပွဲတွေကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ ၁၀၀၀ နီးပါးဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲပြီး စစ်ရေးဝင်ရောက်လှုပ်ရှားမှု ပြုလုပ်နေတာကြောင့် စစ်ရေးပိုမိုတင်းမာလာတယ်လို့ မြေပြင်တော်လှန်ရေအင်အားစုတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.