ကန့်ဘလူ၊ ဧပြီ(၁၃)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် လူပေါင်းဒါဇင်ချီ သေဆုံးခဲ့မှုအပေါ် ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက စစ်ကောင်စီကို အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်။

စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ပဇီကြီးကျေးရွာမှာ ဧပြီ ၁၁ ရက်နေ့ မနက်အစောအပိုင်းက ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီလေတပ်ကနေ Jet Fighter ၊ Mi 35 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြင်း ပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အလေးအနက်ဝမ်းနည်းကြောင်း ပြောဆိုထားပြီး ဒဏ်ရာရရှိသူတွေကိုတော့ အရေးပေါ်ဆေးဝါးကုသခွင့်နဲ့ အကူအညီတွေရရှိနိုင်စေဖို့ကိုလည်း သူကတောင်းဆိုထားပါသေးတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကလည်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဥပဒေအရ အရပ်သားတွေကိုကာကွယ်ဖို့ စစ်တပ်မှာရှင်းလင်းပြတ်သားတဲ့ တာဝန်တွေရှိပေမယ့် နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားတယ်လို့ ဧပြီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာာသိမ်းတဲ့ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ သက်သေတွေ တွေ့ရှိရပြီး တချို့ဖြစ်စဉ်တွေမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကလည်း ပဇီကြီးကျေးရွာဖြစ်စဉ်အပေါ် ရှုတ်ချကြောင်းနဲ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) အရ မြန်မာစစ်တပ် ကျုးလွန်တဲ့ အကြမ်း ဖက်မှုတွေ ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနဲ့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း စစ်ကောင်စီအနေနဲ့ လိုက်နာဖို့တောင်းဆိုထားပါတယ်။

မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကတော့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများသေကြေမှ စစ်ကောင်စီအပေါ် အားကောင်းတဲ့ အရေးယူတုံ့ ပြန်မှုတွေ လုပ်ဆောင်ကြမလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပဇီကြီးကျေးရွာမှာ NUG၊CRPH၊ PDF အမည်ခံအဖွဲ့တွေ ရုံးဖွင့်ပွဲလုပ်ခဲ့တဲ့အတွက် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

မြန်မာအဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်းဒါဇင်ချီ သေဆုံးဒဏ်ရာရခဲ့ပေမယ့် လက်ရှိအချိန်အထိ အဲဒီလုပ်ရပ်ကို ကျူးလွန်ကြောင်းဝန်ခံထားတဲ့ စစ်ကောင်စီအပေါ် ဝေဖန်ရှုတ်ချမှုတွေ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Aung San Myint

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.