ရန်ကုန် ၊ ဧပြီ (၁၂)

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် အခြားသော အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် အနိမ့်ဆုံးအနေအထားကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့်မှန်းပါတယ်။

OECD က ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေမှာ ပုဂ္ဂလိကဝယ်ယူသုံးစွဲမှု လျော့ကျနေတာကြောင့် GDP တန်ဖိုးကျဆင်းသွားတာလို့ ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ GDP ဟာ အနှုတ်လက္ခဏာပြခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်း တိုးဖို့ မျှော်လင့်ထားပြီး ၂၀၂၄ ခုနှစ်ကိုတော့ ချန်လှပ်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ခန့်မှန်းထားတဲ့ GDP ၂ ရာခိုင်နှုန်းဟာ လက်ရှိငွေကြေးဖောင်းပွမှုနှုန်းနဲ့ယှဉ်ရင် နည်းနေတဲ့အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အနှုတ်ပြနေပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခင်းအကျင်းပေါ် မူတည်တယ်လို့ သုံးသပ်ပါတယ်။

“GDP ၂ ရာခိုင်နှုန်းက အင်မတန်နည်းတယ်။ အခုလက်ရှိ inflation rate (ငွေကြေးဖောင်းပွမှုနှုန်း) က ၆ ရာခိုင်နှုန်းကျော်တယ်။ အဲဒီတော့ inflation ထက်နည်းတဲ့ ဝင်ငွေရှိနေတယ်ဆိုတော့ မြန်မာ နိုင်ငံက စီးပွားရေးအားဖြင့် အနှုတ်ပြနေတဲ့ သဘောတော့ရှိတယ်။ အဲဒီတော့ နေရင်းထိုင်ရင်းနဲ့ တစ်ရက်နဲ့တစ်ရက် စီးပွားရေးအင်အားက လျော့နေတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒါတွေက အခုလက်ရှိ မငြိမ်သက်မှုတွေပါတယ်။ အဖွဲ့အစည်းတွေကြားထဲမှာ တင်းမာမှုတွေပါတယ်။ ဝင်ရောက်လုပ်ကိုင်မှုရတဲ့ ဒေသတွေမှာ လုံခြုံရေးအရသော်လည်းကောင်း၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုက အကာကွယ်ပေးနိုင်တဲ့အခြေအနေသော်လည်းကောင်း ဈေးကွက်အရ မတည်မငြိမ်ဖြစ်နေတာ၊ ယုံကြည်မှုမရနိုင်တဲ့ဟာတွေ အဲဒီအပေါ်မူတည်ပြီး ကျဆင်းနေတဲ့ သဘောရှိပါတယ်”လို့ သူက ဆိုပါတယ်။

OECD ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံသူတွေဟာ စွမ်းအင်နဲ့ သတ္တုတင်ပို့မှုအပေါ် စိတ်ဝင်စားခြင်းဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လျော့ကျမယ်လို့ ခန့်မှန်းထားပြီး အ ရှေ့တောင်အာရှရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ မနှစ်က ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ရာကနေ အခုနှစ်မှာတော့ ၄ ဒသမ ၆ ရာ ခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း အရှေ့တောင်အာရှဒေသမှာ စီးပွားရေးတိုးတက်မှုနှုန်းကို နှေးကွေးစေတဲ့ အဓိကအကြောင်းရင်းဟာ ငွေကြေးဖောင်းပွမှုနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုကြောင့်ဖြစ်တယ်လို့ အစီ ရင်ခံစာက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ငွေကြေးဖောင်းပွနှုန်း တဟုန်ထိုးမြင့်တက်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာတော့ ကုမ္ပဏီ ၃၄ ခုထက်မနည်း လုပ်ငန်းရပ် ဆိုင်းတာ၊ ရောင်းချပြီး ထွက်ခွာမှုတွေ ရှိခဲ့ပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ ထွက်ခွာသွားတဲ့ ရင်းနှီး မြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်လောက်ရှိပြီး အခြေခံလူတန်းစာတွေအပေါ် လူမှုစီးပွားရေး သက်ရောက်မှုတွေလည်း ကြီးမားကျယ်ပြန့်နေတယ်လို့ ဆိုထားပါတယ်။

နိုင်ငံ့အာဏာကို ရယူထိန်းချုပ်ထားတဲ့ စစ်ကောင်စီကတော့ လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို ကျပ် ၂၄ သိန်းကျော် ဖြစ်ပေါ်လာဖို့နဲ့ နိုင်ငံ့ GDP ကို ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ဖို့ အမျိုးသားစီမံကိန်းဥပဒေမှာ ထည့်သွင်းမျှော်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.