မော်လမြိုင်၊ ဧပြီ(၁၂)
မွန်ပြည်နယ်မှာ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပဖို့ ကြိုးပမ်းပြင်ဆင်နေပေမယ့် ဈေးကွက်အတွင်းမှာတော့ သင်္ကြန်အသုံးအဆောင်ပစ္စည်းရောင်းဝယ်မှု မရှိသလောက်ဖြစ်နေတယ်လို့ ကုန်ပစ္စည်းရောင်းချနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သင်္ကြန်အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ရေပြွတ်၊ ဖုန်းရေစိုခံအိတ်၊ မျက်မှန်၊ တူညီဝတ်စုံ၊ ဆပ်ပြာ စပရေးဘူးအပါအဝင် တခြားအသုံးအဆောင်ပစ္စည်းတွေဟာ စစ်တပ်အာဏာမသိမ်းခင်က သင်္ကြန်ကာလမှာ ဈေးကွက်အတွင်း ရောင်းလိုအား၊ ဝယ်လိုအားများပြီး ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပေါ်တာတွေ ရှိခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျင်းပတဲ့ အခုနှစ်သင်္ကြန်ပွဲတော်ကာလတွေမှာတော့ သင်္ကြန်အသုံးအ ဆောင်ပစ္စည်းတွေဟာ ဈေးကွက်အတွင်း မှာယူတင်သွင်းတာနဲ့ ရောင်းချမှုမရှိသလောက် နည်းပါးသွားတာ ဖြစ်ပါတယ်။
ကုန်ပစ္စည်းရောင်းချနေသူတစ်ဦးကတော့ ဒီနှစ်သင်္ကြန်ကာလမှာ သင်္ကြန်အသုံးအဆောင်ပစ္စည်းတွေ မှာယူတာတွေ မရှိတော့တဲ့အတွက် သင်္ကြန်ပစ္စည်းတွေ မရောင်းချတော့ဘူးလို့ ဆိုပါတယ်။
“အရင်ကဆိုရင် ဒီလိုသင်္ကြန်နားနီးရင်တော့ သင်္ကြန်ပစ္စည်းအစုံမှာရောင်းတယ်။ အခု မမှာရောင်းဘူး။ ဘာကြောင့်မရောင်းဖြစ်လဲဆို အရင်ကတုန်းက လူငယ်တွေက အုပ်စုလိုက်၊အုပ်စုလိုက်တွေ ထွက်တယ်လေ။ အဲဒါဆိုရင် ဖိနပ်တို့၊ ဦးထုပ်တို့၊ ရေစိုခံအိတ်တွေ ရောင်းတာပေါ့။ ဒီနှစ်ကျတော့ သူများတွေလည်း မလည်ဘူးလို့ ထင်လို့ပေါ့လေ။ ဒါကြောင့် မမှာရောင်းဖြစ်တာ။ အခါတိုင်းဆို သင်္ကြန်နားနီးရင်လေ အုပ်စုလိုက်ပေါ့နော် အင်္ကျီကဘယ်လို၊ ဖိနပ်ကဘယ်လို အဲဒီလိုမျိုးတွေပေါ့နော်။ အခုဆို စိတ်ဝင်စားမှုနည်းတယ်လို့ ပြောလို့ရတာပေါ့။ အမှန်မှာဆိုရင်တော့ ကိုဗစ်မှာမလုပ်ရဘူးဆိုတော့ အားခဲထားကြမယ်အကုန်လုံး။ အခုကဘယ်သူမှ စိတ်မဝင်စားတဲ့ ပုံစံမျိုးတွေဖြစ်နေတယ်”လို့ ဆိုပါတယ်။
အရင်က သင်္ကြန်ပွဲတော်မတိုင်မီ သင်္ကြန်ပစ္စည်းတွေကို တစ်လလောက်အလိုမှစတင်ကာ ဈေးတွေနဲ့စတိုးဆိုင်တွေမှာ ရောင်းချလေ့ရှိခဲ့ပေမယ့် လက်ရှိမှာ ရောင်းချမှုမရှိသလောက် နည်းပါးသွားသလို တ ချို့ဆိုင်တွေမှာတော့ အရင်နှစ်တွေက လက်ကျန်ပစ္စည်းတချို့လောက်သာ ရောင်းချမှုရှိတယ်လို့ သိရပါတယ်။
ကုန်ပစ္စည်းရောင်းချသူတစ်ဦးကလည်း သင်္ကြန်ပစ္စည်းတွေဟာ အရင်ကာလတွေက ဒီအချိန်မှာ လက် ကျန်ပစ္စည်း ရှာလို့မရတဲ့အထိ အရောင်းသွက်ခဲ့ရာကနေ လက်ရှိမှာတော့ ဈေးကွက်အတွင်း အရောင်း အဝယ်မရှိသလောက် နည်းပါးနေတယ်လို့ ပြောပါတယ်။
“သင်္ကြန်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကတော့ သိပ်အရောင်းသွက်ရကြီးလည်း မဟုတ်ပါဘူး။ မော်လမြိုင် သင်္ကြန်ဆိုတာက ဝယ်တာတို့၊ ဘာတို့သိပ်မရှိဘူး။ သင်္ကြန်နဲ့ပတ်သက်ပြီးရောင်းတဲ့ ရေပြွတ်တို့၊ ဘာတို့ တော်တော်များများကလည်း ရောင်းရတယ်ဆိုတာ သိပ်မရှိဘူး။ ဒီနှစ်သင်္ကြန်က ဈေးတွေမှာလည်း သင်္ကြန်ပစ္စည်းတွေ တော်တော်များများက တချို့ဆိုင်တွေတောင် အများကြီးဝယ်ပြီးတော့ ကျန်နေတဲ့ဆိုင်တွေ အများကြီး။ ခါတိုင်းဆို ဒီလိုအချိန်ကျရင် ရေပြွတ်တို့၊ ဘာတို့က လုံးဝပစ္စည်းရှာမရလောက်အောင် ဝယ်လို့မရတဲ့ အချိန်ကာလတစ်ခုပေါ့။ အခုတော့ ဆိုင်တိုင်းမှာက ရေပြွတ်တို့၊ဘာတို့ အကုန်လုံးက ချိတ်သာချိတ်ထားတယ်၊ မရောင်းရဘူးပုံစံဖြစ်နေတယ်။ သူတို့ကတော့ စည်အောင်တော့ အမျိုးမျိုးလုပ်မှာပဲလေ။ လူတွေကတော့ ပျော်မယ့်နေရာမှာ ဒီအရာတစ်ခုက အခုချိန်ထိ သူအုပ်ချုပ်နေသရွှေ့တော့ ပျော်ရွှင်မှုဆိုတာ ဘယ်သူမှမရှိကြဘူး။ စိတ်ထဲကပဲပျော်ပြီးတော့ အိမ်ထဲမှာဘဲ ပျော်ရွှင်ကြမယ့် အတိုင်းအတာတစ်ခုလောက်ပဲ ရှိကြတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်စည်းကားဖို့ မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းတစ်လျှောက်မှာ ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးနဲ့ ရေကစားမဏ္ဍပ်ကြီး (၇)ခု ဆောက်လုပ်ထားပြီး စတုဒိသာမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်တွေပါ ထည့်သွင်းကျင်းပသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့အတွက်ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို မဖြစ်မနေမဏ္ဍပ်ဆောက်လုပ်ဖို့ ဖိအားပေးပြီး ဆောက်လုပ်ခိုင်းခဲ့တာပါ။
မော်လမြိုင်မြို့မှာတော့ သင်္ကြန်ပွဲတော်တွေကို ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ်မှ စတင်ကာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် မကျင်းပခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက် ကျင်းပခဲ့တဲ့ (၂၀၂၁)ခုနှစ်နဲ့ (၂၀၂၂)ခုနှစ် သင်္ကြန်ကာလတွေမှာလည်း ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်တာ မရှိခဲ့ပါဘူး။
မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေကလည်း မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီက စည်ကားအောင် ပြုလုပ်နေတာဟာ အတုအယောင်သာဖြစ်တဲ့အတွက် ပြည်သူတွေ ပါဝင်ဆင်နွှဲတာ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TLT