မော်လမြိုင် – ဧပြီ(၁၂)
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူ တွေနဲ့ အရပ်သား (၁၅၅) ဦးသေဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ ပုဒ်မတွေ၊ လူသတ်မှု တွေနဲ့ စွပ်စွဲပြီး အမိန့်ချမှတ်ခံထားရတာပါ။
သေဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အမျိုးသား (၁၃၆) ဦး၊ အမျိုးသမီး(၁၅) ဦး ပါဝင်ပြီး အများစုဟာ လူငယ်တွေဖြစ်သလို တစ်ကြိမ်ထက်ပိုမိုသေဒဏ်ချမှတ်ခံထားရသူ (၅) ဦး ရှိကာ စစ်အုပ်စုက သေဒဏ်ချမှတ်တာကို လက်နက်သဖွယ် အသုံးပြုနေတာဖြစ်တယ်လို့ AAPP က ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်ခံထားရသူတွေထဲက အများစုဟာ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူတွေဖြစ်ပြီး လက်တလောမှာတော့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကိုတော့ သေဒဏ်ပေး သတ်ဖြတ်ခံထားရပြီဖြစ်တယ်လို့ သိရပါတယ်။
သူတို့ လေးဦးကို သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို နိုင်ငံတကာက ဝေဖန်ထား သလို ကန့်ကွက်မှုတွေလည်း ရှိနေပြီး အခုလိုလုပ်ရပ်တွေကို ကန့်ကွက်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသူတွေကို ထိုက်သင့်တဲ့ ဥပဒေတွေနဲ့ အရေးယူရမှာဖြစ်တယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ (၃၂၃၉) ဦးရှိလာပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူ (၂၁၃၃၄) ဦးအထိရှိနေပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AAPP