မော်လမြိုင်၊ ဧပြီ(၁၂)

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အခုနှစ်ဇန်နဝါရီကနေ မတ်လအထိ ပထမသုံးလတာအတွင်း တိုက်ပွဲဖြစ်ပွားမှုပိုများလာပြီး အကြိမ်ရေ ၄၀၀ နီးပါး ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က ဧပြီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလ အခုနှစ် မတ်လကုန်အထိ နိုင်ငံအနှံ့ နှစ်ဖက်ထိတွေ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်း အကြိမ်ရေ ၈၇၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီထဲမှာ ၂၀၂၃ ခုနှစ် ပထမသုံးလတာအတွင်း လက်နက်ကိုင်တိုက်ပွဲပေါင်း ၆၈၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အဲဒီထဲက ၅၈ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ တိုက်ပွဲအကြိမ်ရေ ၃၉၈ ကြိမ်ထက်မနည်းဟာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့တာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တိုင်ပွဲတွေဟာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားမှုများခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာနောက်ပိုင်းမှာ ပြောင်းလဲမှုတချို့ ရှိခဲ့တယ်လို့ ISP-Myanmar က ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲအရေအတွက်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ဖြစ်ပွားမှုပုံစံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲပုံစံတွေထက် သိသိသာ သာ ပိုများလာတာ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ စစ်ကောင်စီအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို သီးသန့်ပစ်မှတ်ထား တိုက် ခိုက်တာကြောင့် ဖြစ်နိုင်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်မှု လျော့ကျလာတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ISP-Myanmar က သုံးသပ်ထားပါတယ်။

ဒါပေမဲ့ စစ်ရေးပြင်းထန်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ သီးခြားလှုပ်ရှားနေတာမျိုးမဟုတ်ဘဲ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ EAO အဖွဲ့တွေရဲ့ စစ်ဗျူဟာပူးတွဲကွပ်ကဲမှုအောက်မှာ ရှိနေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.