မော်လမြိုင် – ဧပြီ(၁၂)

အပြစ်မဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လုံးဝလက်ခံခွင့်လွှတ်မှာ မဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့ က စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားတွေအပါအဝင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ထိခိုက်သေဆုံးခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ ကလေးသူငယ် အနည်းဆုံး(၁၈) ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပါအဝင် အရပ်သား (၁၀၀) ကျော်သေဆုံးခဲ့ရပြီး အရေအတွက် အတိအကျ ကိုမြေပြင်အချက်အလက် အတည်ပြုချက်ရယူပြီး ဆက်လက်ထုတ်ပြန်အသိပေးသွားမယ် လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စုဝေးပွဲကို ဂျက်တိုက်လေယာဉ်က ဖျက်အားပြင်းဗုံးတွေ ကြဲချခဲ့ပြီး နောက် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအများအပြား သေကြေထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အနေနဲ့ တိကျသေချာတဲ့ သတင်းအချက်အလက်ရယူစုဆောင်းတာ၊ ကူညီကယ်ဆည်ရေးလုပ်ငန်းတွေတည်ဆောက်တာ၊ ဒေသခံလူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်း အလောင်းကောက် သင်္ဂြိုဟ်တာတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆေးအဖွဲ့တို့က ခွဲစိတ်ကုသတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေ သံတမန်တွေဆီကို အကြောင်းကြားတဲ့ လုပ်ငန်းစဉ် တွေကိုလည်း အချိန်နဲ့တပြေးညီ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ပြီးနောက်ပိုင်း ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ညနေပိုင်းမှာလည်း လေယာဉ်နဲ့ လာရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

လက်ရှိအချိန်ထိ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ(၅) ဦးနဲ့အထက် သတ်ဖြတ်ခံထားရတဲ့ အမှု (၆၄) မှုရှိပြီး ဒီဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား (၇၆၆) ဦးရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.