ဘီးလင်း၊ ဧပြီ(၁၁)မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်စခန်း တိုက်ခိုက်ခံရတာကြောင့် BGF အရာရှိ ၂ ဦး သေဆုံးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ မဲလံကျေးရွာ လမ်းဆုံရှိ BGF တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၃ ချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ BGF တပ်စခန်းက ဗိုလ်မြဝင်းနဲ့ ဗိုလ်မိုးဇက်တို့ ၂ ဦး ထိမှန်သေဆုံးခဲ့သလို အ ဆောက်အဦးတချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
တဆက်တည်း အဲဒီနေ့မှာပဲ KNLA ပူးပေါင်းတပ်ဖွဲ့က ကျိုက်ထိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို ပြီးခဲ့တဲ့ မတ်လတုန်းကလည်း KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media