နိုင်မော်လမြိုင် ၊ ဧပြီ (၁၁)
ကရင်ပြည်နယ်၊ ကော့ကရိတ်နဲ့မြဝတီမြို့နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး လုံးဝနီးပါးရပ်တန့်သွားတဲ့အတွက် သင်္ကြန်ကာလအတွင်း ကုန်ဈေးနှုန်းအဆ မတန် မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကုန်သွယ်ရေး အချက်အချာဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို လက်ရှိမှာလည်း နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြဝတီ-ကော့ကရိတ် အားရှလမ်း အသုံးပြုမှုတွေကို ဧပြီ (၇) ရက်နေ့ကနေ (၂၁)ရက်နေ့ထိ ဖြတ်သန်းသွားလာတာတွေ လုံးဝ မပြုလုပ်ကြဖို့ တော်လှန်ရေးအင် အားစု မြေပြင်ပူးပေါင်း စစ်ကြောင်း(၁၀)ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေအင်အားစုတွေကတော့ တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ မြဝတီ-ကော့ ကရိတ် အာရှလမ်းမှတဆင့် အရပ်သားပြည်သူကားတွေကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ပို့ဆောင်နေလို့ သွားလာခွင့်ကန့်သတ်ရတာလို့ ဆိုထားပါတယ်။
တိုက်ပွဲတွေအပြင် အာရှလမ်းမကြီး သွားလာခွင့်ကန့်သတ်ခံရတာကြောင့် သွင်းကုန်၊ပို့ကုန်ကဏ္ဍ သိ သိသာသာ ကျဆင်းလာနိုင်ပြီး မကြာမီကာလတွေအတွင်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။
“နယ်စပ်ကုန်သွယ်ရေးကို ကြည့်လိုက်လို့ ရှိရင် အခုကိုဗစ်နောက်ပိုင်းမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးက အမြင့်ဆုံးပဲ။ အရင်တုန်းက မူဆယ်ကအမြင့်ဆုံး။ ဒါပေမယ့် တရုတ်က ကိုဗစ်မှာပိတ်လိုက်တော့ မြဝတီကုန်သွယ်ရေးက အမြင့်ဆုံးဖြစ်နေတယ်၊ အဲဒီဟာ ပိတ်လိုက်ရင်ကတော့ နယ်စပ်ကုန်သွယ် ရေးက တော်တော်ကို ကျသွားမှာပေါ့။ နောက်တစ်ခုက ကြေညာတဲ့ကာလအတွင်းက သင်္ကြန်ရက်လည်း ပါတာပေါ့။ များသောအားဖြင့်က သင်္ကြန်ရက်အတွင်းမှာတော့ ကုန်သွယ်မှုကတော့ ကျတတ်ပါတယ်။ အဲဒီလိုဆိုတော့ (၂၁)ရက်နေ့ ထိဆိုတော့ နောက် ထပ် တစ်ပတ်လောက်တော့ ထပ်ပြီးစောင့်ကြည့်ရမယ်။ ဒါက တရားဝင်ကြေညာတာ၊ တရားဝင်ကြေညာသည် ဖြစ်စေ၊ မကြေညာသည် ဖြစ်စေ အဲဒီလမ်းကတော့ တကယ့်ကို အရေးပါတာပေါ့။ သက်ရောက်မှုကတော့ အများကြီး၊ အဓိကရေလုပ်ငန်းကုန်တွေ အဲဒီဘက်ကို ပို့တာတွေရှိတယ်။ ပို့ကုန်မှာ အဲဒီအပိုင်းထိသွားနိုင်တယ်၊ နောက် သွင်းကုန်ကလည်း တရုတ်ပစ္စည်းပြီးလို့ရှိရင် ထိုင်းပစ္စည်းက အများဆုံးသုံးနေတာပေါ့။ ထိုင်းပစ္စည်းတွေ ဈေး တက်သွားနိုင်တာပေါ့။ ဒီအာရှလမ်းပဲမဟုတ်ဘူး။ အခုကတော့ ထိုင်းနဲ့ကုန်သွယ်ရေးက နေရာတော်တော်များများမှာ အဆင်မပြေတော့ဘူးပေါ့။ မြဝတီကတော့ ကုန်သွယ်ရေးတွေထဲမှာ အကြီးဆုံး၊ သူ့မှာသွားပြီး ရပ်တန့်လိုက်တော့ ပိုပြီးတော့ သိသာသွားတာပေါ့၊ နယ်စပ်ကုန်သွယ်ရေးက ပုံမှန်ကုန်သွယ်ရေးထက် (၂၅) ရာခိုင်နှုန်းလောက်ရှိတယ်။ အဲဒီထဲမှာမှအရင်တုန်းက တစ်ဝက်လောက်က တရုတ်က။ အခုတော့ အဲဒီနေရာကို ထိုင်းက ယူသွားတယ်။ ဆိုတော့ နယ်စပ်ကုန်သွယ် ရေးရဲ့ စုစုပေါင်းရဲ့ (၂၅) ရာခိုင်းနှုန်းလောက်ကတော့ ကျသွားမယ့်သဘောရှိတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းကုန်စည် စီးဆင်းမှုတွေဟာ မြဝတီနယ်စပ်မှတဆင့် နေရာဒေသအသီးသီးကို အဓိကဝင်ရောက် နေတာဖြစ်တဲ့အတွက် လမ်းပိတ်ရက်ရှည်ကြာပါက ကုန်သွယ်ရေးကဏ္ဍ သိသိသာသာ ကျဆင်းမှုတွေနဲ့ ကြုံတွေ့ လာနိုင်သလို နိုင်ငံအတိုင်းအတာအရ ကုန်သွယ်မှု ၂၅ ရာခိုင်နှုန်းထက်မနည်း လျော့ကျလာနိုင်တယ်လို့ ဆိုပါ တယ်။
နယ်စပ်ကုန်သည်တစ်ဦးကလည်း ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအပြင် ထို့ကိုကိုးလမ်းမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဘယ်သူမှ မသွားရဲတော့ဘဲ လုပ်ငန်းတွေ ရပ်နားထားကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကိုယ်တို့တော့ လက်ရှိ လောလောဆယ် မသွားသေးဘူး။ ကိုယ့်ကားတွေလည်း မသွားတော့ဘူး၊ တော်ကြာ နေ မီးတွေဘာတွေရှို့ခံရရင် ရတာမှနည်းနည်း၊ အဲဒီမှာ ဆုံးရှုံးတာကများတယ်လေ။ ပိတ်ထားတယ်ဆိုတော့ လည်း မသွားတာကောင်းပါတယ်။ သူတို့ ဖွင့်တဲ့အချိန်မှပဲ သွားမယ်လေ။ အဲဒါက စိတ်ချမ်းသာတယ်။ တော်ကြာ နေ ပစ်ရယ်၊ခတ်ရယ်ဖြစ်ရင် ဒုက္ခရောက်မှာ။ သွားရဲတဲ့ သူသွားပေါ့။ မသွားရဲတဲ့သူက မသွားနဲ့ပေါ့ ဒါပဲရှိတာပေါ့။ ဆုံးရှုံးခံနိုင်ရင်သွား၊ဆုံးရှုံး မခံနိုင်ရင် မသွားနဲ့။ ပြီးရင် ထို့ကိုကိုးလမ်းကလည်း ပိတ်သွားပြီးလေ၊ ဘာလို့ဆိုတော့ ထို့ကိုကိုးလမ်းက PC ရှိတယ်လေ၊ PCကခွဲထွက်တဲ့သူတွေက အဲဒီဘက်လမ်းကြောင်းကို ယူလိုက်တာကို၊ အဲဒီဘက်မှာ တိုက်ပွဲ ဖြစ်နေတာ အခုက။ ရွှေကုက္ကိုလ်ကနေကပ်ပြီး ဖြတ်သွားရတာကို။ အဲဒီတော့ ထို့ကိုကိုးလမ်းလည်း စိတ်မချရဘူးပေါ့၊ တော်တော်များများက မသွားဖြစ်ကြဘူးပေါ့။ ကားကြီးတွေ မဆင်းတော့ဘူး၊ ကားသေးတွေပဲ ဆင်းတော့တယ်။ ကားသေးတွေဘာတွေ မဖြစ်မနေသွားရမယ်သူတွေပဲ ဆင်းကြတာပေါ့။ ကားကြီးတွေ ဆင်းတာ မတွေ့ဘူး၊ မကြားမိဘူးပေါ့နော်။ ကုန်သည်တွေ တော်တော်များများကလည်း အဲဒီလိုမျိုးပေါ့။ သင်္ကြန်လည်း သင်္ကြန်ဆိုတော့၊ သင်္ကြန်တွင်းတော့ ကုန်ဈေးနှုန်းနည်းနည်းကြီးမှာပေါ့ ”လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေပေမယ့် စစ်ကောင်စီက အာရှလမ်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ကြေညာတာတွေ ရှိနေပေမယ့် လုံခြုံရေးအရ စိတ်ချရတဲ့အခြေအနေ မဟုတ်တာကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်တာတွေ မလုပ်တော့တဲ့အတွက် ကုန်သွယ်ရေးကဏ္ဍ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ မြဝတီနယ်စပ်က တစ်ဆင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေ ဖြစ်တဲ့ အခြေခံ စား သောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေ အပါ အ ဝင် အထွေထွေသုံးကုန်ပစ္စည်းတွေကို တင်သွင်းနေတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကိုတော့ ပြောင်းအပါအဝင် ဒေသထွက်စိုက်ပျိုးသီးနှံတွေကို တင်ပို့နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TLT