မော်လမြိုင် ၊ ဧပြီ (၁၁)လာမယ့်ရက်ပိုင်းအတွင်း ကျရောက်မယ့် မြန်မာ့နှစ်သစ်ကူးရိုးရာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီက စည်ကား အောင် ပြုလုပ်နေတာဟာ အတုအယောင်သာဖြစ်ပြီး ပြည်သူတွေပါဝင်ဆင်နွှဲတာ မပြုလုပ်ကြဖို့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။
သင်္ကြန်ပွဲတော်စည်ကားဖို့ စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများမှာ မဏ္ဍပ်တွေ ဆောက်လုပ်နေသလို လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကိုလည်းသင်္ကြန်မဏ္ဍပ် မဖြစ်မနေဆောက် လုပ်ကြဖို့ ဖိအားပေးတာတွေလည်း ရှိနေတာပါ။
စစ်အုပ်စုက ကြီးမှူးကျင်းပတဲ့ သင်္ကြန်ပွဲဟာ နိုင်ငံရေးအမြတ်ထုတ်မှုတာဖြစ်တဲ့အတွက် ပြည်သူတွေ ဘေးအန္တ ရာယ်လုံခြုံဖို့ မသွားရောက်ကြဖို့နဲ့ အခြားပြည်သူတွေမျက်ရည်နဲ့ သင်္ကြန်ရေကစားနေရတာကိုမမေ့ဖို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။
“စစ်အုပ်စုက ကြီးမှူးကျင်းပတဲ့ သင်္ကြန်ပွဲတော်၊ သင်္ကြန်မဏ္ဍပ်တွေကို သွားရောက်ဖျော်ဖြေကပြ ဆင်နွှဲကြမယ့် ပြည်သူတွေကို ပြောချင်တာက အဲဒီပွဲတော်ဟာ အတုအယောင်ပွဲတော်သာဖြစ်တယ်။ နိုင်ငံရေးအမြတ်ထုတ်တဲ့ ပွဲတော်သာဖြစ်တယ်။ ဒီပွဲတော်ကို အခြားအဖွဲ့အစည်းအသီးသီးက ဖျက်ချင်လည်း ဖျက်နိုင်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ဘေးအန္တရာယ်ကိုလုံခြုံဖို့ မသွားရောက်ကြပါနဲ့။ နောက် တစ်ခု ပန်ကြားလိုတာက ရိုးရာသင်္ကြန်ရေနဲ့ ပျော်ပျော်ပါးပါးလုပ်နေချိန်မှာ တခြားသော ပြည်သူ ပြည်သားတွေ မျက်ရည်နဲ့ သင်္ကြန်ရေကစားနေရတယ်ဆိုတာကို မမေ့ပါနဲ့လို့ ကျွန်တော်ပြောကြားလိုတယ်”လို့ သူက ဆိုပါတယ်။
မွန်ပြည်နယ်ကောင်စီဟာ ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်သင်္ကြန်ဗဟိုမဏ္ဍပ်ကို ဧပြီ ၃ ရက်နေ့ကတည်းက စတင်ဆောက်လုပ်နေပြီး အရင်နှစ်သင်္ကြန်မှာ ရေကစားမဏ္ဍပ်နဲ့ အကမဏ္ဍပ်တွေ မဆောက်လုပ်နိုင်ခဲ့တဲ့ မြို့နယ်တွေမှာလည်း အခုနှစ်မှာမဏ္ဍပ်တွေ တည်ဆောက်နေပါတယ်။
ဒါ့အပြင်မော်လမြိုင်သင်္ကြန် စည်စည်ကားကားဖြစ်ဖို့ ဌာနဆိုင်ရာရုံးတွေ၊ ဒေသအတွင်း တိုင်းရင်း သား ကိုယ်စားပြုအဖွဲ့တွေ၊ မြို့နယ်အလိုက် ကိုယ်စားပြုအဖွဲ့တွေအပါအဝင် အမျိုးသမီးရေးရာအဖွဲ့အစည်းတွေအနေနဲ့ တစ်ဖွဲ့ကို ယိမ်းတစ်ဖွဲ့နှုန်း မဖြစ်မနေထွက်ပေးကြဖို့ ညွှန်ကြားထားပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကလည်း ဒီနှစ်သင်္ကြန်ဟာ ပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြမယ့် သင်္ကြန်မျိုးမဟုတ်ဘဲ ဝန်ထမ်းတွေကိုဖိအားပေးပြီး စည်ကားတဲ့ပုံစံနဲ့ ကမ္ဘာကိုချပြချင်တာကြောင့် ပြည်သူတွေမသွားရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအနေနဲ့ ဒီသင်္ကြန်ကို အတုအယောင်သင်္ကြန်လို့ပဲ သတ်မှတ်ထားတယ်။ ပြည်သူတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်ရောက်ကြမယ့် သင်္ကြန်မျိုးမဟုတ်ဘူး။ ဝန်ထမ်းတွေကို ဖိအားပေးပြီး လူစည်ကားတယ်ဆိုတဲ့ပုံစံကို ကမ္ဘာကိုပြချင်တယ်။ အဲဒီပုံစံမျိုး သူတို့လုပ်တာလို့ မြင်တယ်။ ဒီသင်္ကြန်ကို သူတို့ရဲ့အတုအယောင်သင်္ကြန်၊ ဝန်ထမ်းတွေကို ဖိအားပေးပြီး စည်ကားအောင်လုပ်နေတဲ့ သင်္ကြန်မျိုးကို ပြည်သူတွေ မသွားဖို့၊ ဒီထဲမှာ တော်လှန်ရေးရဲဘော်တွေ ကျဆုံးတာလည်း ရှိတယ်။ သူတို့ကို တော်လှန်ရင်းနဲ့ ဒီဟာကို ပြန်ငဲ့ကွက်ဖို့ ပြည်သူတွေကို မှာချင်ပါတယ်”လို့ သူက ဆိုပါတယ်။
မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ခံထားရတဲ့ ရေးမြို့နယ်က ရေးပြောက်ကျား တပ်ဖွဲ့ ဒုခေါင်းဆောင် ကိုရဲမင်းကလည်း စစ်ကောင်စီလုပ်တဲ့ အလိမ်အညာပျော်ရွှင်မှုတွေကို ခဏသည်းခံပြီး တော်လှန်သင်္ကြန်အဖြစ် ဖြတ်သန်းစေချင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်သူလူထုကို ပြောချင်တာက စစ်ကောင်စီလုပ်တဲ့ ပျော်ရွှင်မှုအစစ်အမှန်မဟုတ်တဲ့ အလိမ်အညာပျော်ရွှင်မှုတွေကို ခဏသည်းခံပြီးတော့ တော်လှန်သင်္ကြန်အနေနဲ့ပဲ ဖြတ်သန်းစေချင်ပါတယ်။ ကျွန် တော်တို့အားလုံး လွတ်လပ်ပြီးတဲ့အခါမှသာ အစွမ်းကုန်အတူတူ ပျော်ရွှင်ကြအောင်လို့ပဲ ပြောချင်ပါတယ်။ အဓိကလူထုကို မျက် စိဖွင့်၊ နားစွင့်နေစေဖို့ အန္တရာယ်ကျရောက်မယ့်အရာတွေကို အပျော်နဲ့မရင်းဖို့။ စကစရဲ့ ရှုံးနိမ့်တဲ့အချိန်ရောက် နေမယ့် အချိန်ကာလကို လူထုရဲ့လုပ်ရပ်ကလည်း စကစကို အားပေးအားမြှောက်အဖြစ် မလုပ်မိစေဖို့ မှာချင်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားဒေသတွေအပါအဝင် စစ်ရေးပြင်း ထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား လက်နက်ကိုင်တိုက်ပွဲတွေ ဒီကနေ့အထိ အရှိန်အဟုန် ပြင်းထန်လာနေတာပါ။
တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဆိုးဝါးလာနေပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ လအတွင်း အရပ်သား ၂၀ နီးပါး သေဆုံးခဲ့သလို ဒဏ်ရာရသူ ၄၀ ကျော် ရှိခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဒီနှစ်သင်္ကြန်ပွဲတော်အတွက် သက်ကြီးပူဇော်ပွဲတွေ၊ ဇီဝိတဒါန ငါးလွှတ်ပွဲတွေနဲ့ စတုဒိသာ ကျွေးမွေးတဲ့အစီအစဉ်တွေပါ ထည့်သွင်းကျင်းပသွားဖို့ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားပါတယ်။
မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်ကို ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် သင်္ကြန်မှာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TLT