မြဝတီ၊ ဧပြီ(၁၁)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက် နေတဲ့ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းထံ VENOM စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်းခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ(၆)ရက်နေ့ကတည်းက VENOM စစ်ကြောင်းတစ်ကြောင်းလုံးဟာ ကော်ဘရာစစ် ကြောင်းထံကို လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး အခုလိုပူးပေါင်းမှုကြောင့် ကော်ဘရာစစ်ကြောင်းရဲ့ ဖွဲ့စည်းပုံကို စစ်ကြောင်း (၁) ၊ စစ်ကြောင်း(၂)နဲ့ ပြန်လည်ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူးအဖြစ် ဗိုလ်ဒါဘော၊ စစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ်စောကော်၊ စစ်ကြောင်း(၁) ဒုစစ်ကြောင်းမှူး ဗိုလ်တွံတေး၊ စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်စောဝင်းမြင့်နဲ့ စစ်ကြောင်း(၂) ဒုစစ်ကြောင်းမှူး ဗိုလ်စောငြိမ်းချမ်းဝင်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရတာဟာ အာဏာရှင်စနစ်အမြစ်ပြုတ်ရေးမှာ အင် အားကောင်းကောင်းနဲ့ စနစ်တကျတိုက်ခိုက်နိုင်ဖို့အတွက် ဦးတည်ချက်မှန်ကန်တဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်တူတဲ့ အဖွဲ့အစည်းမှန်သမျှနဲ့ ပူးပေါင်းတိုက်ပွဲဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ VENOM စစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်ယမင်းဝါဝါမောင်က ပြောပါတယ်။
ဒါ့အပြင် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးလက်အောက်က ပြည်သူလူထုတွေရဲ့ ဒုက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ သွေးစည်းညီညွတ်စွာ အင်အားကောင်း ကောင်းနဲ့ တိုက်ခိုက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီ (၉)ရက်နေ့ကလည်း မြဝတီခရိုင် တောင်ပိုင်းတိုင်းစစ်ဒေသမှာ VENOM စစ်ကြောင်းဟာ ကော်ဘရာစစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့ အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းရေးတိုက်ပွဲတွေ ဖော်ဆောင်နေလျက်ရှိရာ စစ်ကြောင်း(၃)ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ် BGF တို့နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
လတ်တလောမှာ KNU တပ်မဟာ(၆)နယ်မြေအတွင်းမှာ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဟာ စစ်ရေးအင် အားတိုးချဲ့တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေရာ နှစ်ဘက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေခဲ့ရပြီး လူသားချင်း စာနာမှုအကူအညီလိုအပ်မှုတွေ ဆက်လက်မြင့်တက်လာနေတယ်လို့ ကရင်လူမှုအဖွဲ့တွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Cobra Column