စစ်တွေ – ဧပြီ(၁၀)
တော်လှန်ရေးခရီးကြမ်းအတွင်း အသက်၊အိုးအိမ်၊စည်းစိမ်၊ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးလှူခဲ့ကြတဲ့ ရက္ခိုင့်အာဇာနည်သူရဲကောင်းတွေနဲ့ ရက္ခိုင်ပြည်သူလူထုတရပ်လုံးကို လေးနက်စွာ အောက်မေ့ ဦးညွှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ထားပါတယ်။
ဒီနေ့ ဧပြီလ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ပေးပို့တဲ့ ဂုဏ်ပြု သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
ရက္ခိုင်ပြည်သူလူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့ တာ (၁၄) နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်တဲ့အတွက် ရက္ခိုင်ပြည်သူလူထုနဲ့ ထပ်တူထပ်မျှ ဝမ်းမြောက် ဂုဏ်ယူတယ်လို့ ပြောထားပါတယ်။
လက်ရှိအချိန်မှာ တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲနေတဲ့ နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်မှာ ရက္ခိုင့်တပ်တော်ဟာ အဖိနှိပ်ခံ ပြည်သူလူထုနဲ့ အတူရပ် တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန်ခုခံတော်လှန်နေသလို တော်လှန်ရေး အင်အားစုတွေကိုလည်း လက်တွဲပံ့ပိုးပေးနေတာဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ အတူတကွ စုစည်းညီညွတ်စွာနဲ့ ရုန်းကန် ဖောက်ထွက်ကြိုးစားရမှာဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်သူလူထုရဲ့ နိုင်ငံရေး၊ အမျိုးသားရေးမျှော်မှန်းချက်တွေကို တပါတည်း အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့လည်း ဆုတောင်းပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD