သထုံ၊ ဧပြီ(၉)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၉) တပ်ရင်းကို KNLA ပူးပေါင်းတပ်က လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ခမရ (၉) တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က လက်နက်ကြီးနဲ့ ၃ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပေမယ့် မြေပြင်အခြေအ နေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဝီယော်၊ ချောင်းစောင့်၊ မိကျောင်းအိုင်နဲ့မရမ်းကုန်းကျေးရွာတွေဘက်ကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေဟာ စစ်ကောင်စီတပ် လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
သထုံအခြေစိုက် စစ်ကောင်စီ ခမရ (၉) တပ်ရင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media