ရေဖြူ၊ ဧပြီ(၉)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကို ကံပေါက်အခြေစိုက် မောရဝတီရေတပ်က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ဇာဒီကျေးရွာအနီးရှိ ရော်ဘာခြံကနေ နေအိမ်ပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုဟာ မောရဝတီရေတပ်စခန်းမှ စစ်ကား ၃ စီးနဲ့ တွေ့ဆုံစဉ် သေနတ်နဲ့ အ ကြောင်းမဲ့ ပစ်ခတ်ခံခဲ့ရတာပါ။
စစ်ကောင်စီတပ်ဟာ ကိုအောင်ကို ကို သေနတ်နဲ့ ပစ်ခတ်မှုပြီးနောက် ဆိုင်ကယ်နဲ့ ရုပ်အလောင်းကို ကားပေါ်တင်ပြီး တပ်တွင်းယူဆောင်သွားတာပါ။
အဲဒီနောက် ဧပြီ ၇ ရက်နေ့မှာ ကိုအောင်ကိုရဲ့ ရုပ်အလောင်းကိုလာယူဖို့ မိသားစုထံ အကြောင်းကြားလာတဲ့အတွက် လူနာတင်ယာဉ်နဲ့ သွားရောက်ယူပြီးနောက် ဇာဒီကျေးရွာသုဿန်မှာပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သေဆုံးသွားတဲ့ ကိုအောင်ကိုဟာ ရော်ဘာခြံလုပ်သားတစ်ဦးဖြစ်ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ ကိုယ်ဝန်သည်အမျိုးသမီး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းထဲမှာ အရပ်သားပြည်သူ ၄၀၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်