ဘီးလင်း၊ ဧပြီ(၉)
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေရွာ တာယာစက်ရုံအနီး ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှာ ဟိုက်ဂျက်ယာဉ်နဲ့ ခရီးသည်တင်မှန်လုံယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၈ ရက်နေ့ မနက်ပိုင်းက ကျိုက်ထိုဘက်ကနေ မောင်းနှင်းလာတဲ့ ဟိုက်ဂျက်ယာဉ်နဲ့ မော်လမြိုင်ဘက်ခြမ်းကမောင်းလာတဲ့ ခရီးသည်တင်မှန်လုံယာဉ်တို့ဟာ တာယာစက်ရုံအနီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
အဲဒီယာဉ်တိုက်မှုဟာ ဟိုက်ဂျက်ယာဉ်က လမ်းတစ်ဖက်ခြမ်းရှိ ခရီးသည်တင်မှန်လုံယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ လမ်းကျော်ဝင်ရောက်ရာကနေ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ယာဉ်မောင်း ကိုကောင်းခန့်ကျော်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဟိုက်ဂျက်ယာဉ်ပေါ်ပါလာတဲ့ အမျိုးသမီး ၃ ဦးနဲ့ ခရီးသည်တင်မှန်လုံယာဉ်ပေါ်လိုက်ပါ စီးနင်းလာတဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အမျိူးသမီး ၃ ဦးမှာ ၁ ဦးဟာ ပြင်းထန်ဒဏ်ရာရတွေ ရရှိခဲ့တဲ့အတွက် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာတော့ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို အဲဒီဖြစ်စဉ်တွေအတွင်း ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ အမြဲလိုလို ဖြစ်ပေါ်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media