မြဝတီ၊ ဧပြီ(၉)
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအကူအညီတွေလည်း ပိုမိုလိုအပ်လျက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ နေရာတစ်ဝိုက်နဲ့ မဲကနယ်၊ အာရှလမ်း၊ ကော့ကရိတ်၊ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီ BGF ပူးပေါင်းအဖွဲ့နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဧပြီ(၈)ရက်နေ့အထိ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
ကရင်ဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေတိုင်းမှာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ပိုမိုများပြားလာတာပါ။
လက်ရှိမှာတော့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအ ညီလိုအပ်ချက် မြင့်မားလျက်ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန် ခံ စောနန္ဒဆူးက ဆိုပါတယ်။
“တိုက်ပွဲတွေဖြစ်ပွားတိုင်းမှာ စကစဘက်ကတော့ အမြဲတမ်းပဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာပေါ့။ ထိခိုက်ပျက်စီးမှုတွေရှိတာပေါ့နော်။ အထူးသဖြင့် ရွာသားတွေရဲ့ အိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်။ ရွာသားတွေကလည်း ကြောက်ရွံ့ပြီးတော့မှ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ခုအချိန်ထိ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေတယ်။ ဒေသခံတွေလည်းပဲ ဆက်လက်ပြီးတော့မှ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပေါ်မှာတော့ ဒါအထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အ ကူအညီလိုအပ်မှုကတော့ ပိုပိုပြီးတော့မှ များလာတာပေါ့လေ။ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ်မှာ အဲဒါကြောင့်မို့လို့ ကော့ကရိတ် မြို့နယ်၊ ကျုံဒိုး၊ ကော့ကရိတ်၊ နို့ဖိုး၊ ထီးမူးထ၊ မဲကနယ်နေရာဒေသတစ်ဝိုက် လတ်တလော စစ်ရေးပြင်းထန်နေတဲ့ နေရာဒေသမှာရှိတဲ့ IDP စစ်ရှောင်တွေကတော့ အရေအတွက်အားဖြင့်တော့ တိတိကျကျ ဘာမှပြောလို့မရသေးဘူး မသိရှိရသေးဘူး” လို့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကရင်ပြည် နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို အရပ်သားပြည်သူတွေအနေနဲ့ ဧပြီ (၇)ရက်နေ့ကစပြီး ဖြတ်သန်းသွားလာတာတွေ လုံးဝမပြုလုပ်ကြဖို့ ကရင်တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့က ပူးတွဲအမိန့်ထုတ်ပြန်လိုက်ပါတယ်
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအားလုံးမှာ တိုက်ပွဲတွေကြောင့် အရင်က စစ်ဘေးရှောင် ပြည်သူဦးရေ ၅ သိန်းနီးပါးအထိ ရှိနေတာဖြစ်ပြီး လတ်တလောအနေနဲ့ တပ်မဟာ(၇) နယ်မြေ ရွှေကုက္ကိုလ်ဒေသနဲ့ အာရှလမ်းမတစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအခြေအနေတွေကြောင့် KNU နယ်မြေအတွင်း ထွက် ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေဟာ ၆ သိန်းနီးပါးအထိ တိုးလာနိုင်တယ်လို့ စောနန္ဒဆူးက ခန့်မှန်းပြောဆိုထားပါတယ်။
“ဒီလတ်တလော စစ်ရေးပြင်းထန်လာတဲ့ တပ်မဟာ(၇)အပါအဝင် တပ်မဟာ(၇)ခုစလုံးမှာဆိုလို့ရှိရင် စစ်ရှောင် တွေကတော့ ပြန့်ကျဲတယ်ပေါ့နော်။ခန့်မှန်းခြေအရဆိုလို့ရှိရင် အရင်တုန်းက(၅)သိန်းပေ့ါ၊ အခုကတော့ (၆) သိန်းနဲ့ အထက်မှာတော့ ခန့်မှန်းရတာပေါ့။ သို့ဖြစ်သော်ငြားလည်းပဲ အတည်ပြုလို့မရသေးဘူးပေါ့။ ဒီလိုမျိုး စစ်ရေးပြင်းထန်လာတဲ့အပေါ်မှာသော်လည်းကောင်း အထူးသဖြင့် လေ ကြောင်းတိုက်ခိုက်မှု လက်နက်ကြီးရမ်း သမ်းပစ်ခတ်မှုနော်၊ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာမျိုးတွေ မတရားဖမ်းဆီးသတ် ဖြတ်တာမျိုးတွေ လုပ်ဆောင်နေတဲ့အပေါ်မှာ ဒါတွေကတော့ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို စစ်ရာဇဝတ်မှုလည်းမြောက်တယ်။ နိုင်ငံ တကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်တယ်ပေါ့” လို့ စောနန္ဒဆူးက ဆိုပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ရွှေကုက္ကိုလ်ဒေသနီး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေအထဲက (၁၀၀၀၀)နီးပါးဟာလည်း ထိုင်းနိုင်ငံဘက်ခြမ်းဖြစ်တဲ့ မဲဆောက်ဒေသနဲ့ မဲလမတ်ဒေသတွေဘက်မှာ ရောက်ရှိခိုလှုံနေထိုင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ ကူညီလုပ်ဆောင်ပေးနေတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TLT