နေပြည်တော် ၊ ဧပြီ (၉)
လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲ ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအချက်အလက်တွေအရ သိရပါတယ်။
၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်စေတယ်လို့ ဆိုထားပါတယ်။
ဒီဥပဒေမှာ စစ်ကောင်စီရုံးအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ အမျိုး သားလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ပြည်ထောင်စုရာထူးဝန် အဖွဲ့ရုံးစတဲ့ ပြည်ထောင်စုအဆင့် ရုံး ၁၀ ခုတို့အတွက် ကျပ်ဘီလီယံ ၁၀၀ ကျော် ခွင့်ပြုခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနရဲ့ ကဏ္ဍ ၄၅ ခုအတွက် ခွင့်ပြုအသုံးစရိတ် ကျပ်ဘီလီယံ ၁၉၀၀၀ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ ခွင့်ပြုပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပေးခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၃၇၀၀ ကျော်သာရှိတဲ့အတွက် အခုခွင့်ပြုပေးလိုက်တဲ့ ပမာဏနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျပ်ဘီလီယံ ၁၉၀၀ ကျော် တိုးမြှင့်လာတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဘဏ္ဍာငွေသုံးစွဲမှုမှာတော့ လူထုတွေအတွက် လိုအပ်တဲ့ပညာရေး၊ ကျန်းမာရေးနဲ့ လျှပ် စစ်စွမ်းအင်ကဏ္ဍတွေရဲ့ ခွင့်ပြုပေးတဲ့အသုံးစရိတ်တွေဟာ ကာကွယ်ရေးအသုံးစရိတ်နဲ့ယှဉ်ရင် သိသိသာသာ လျော့နည်းနေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအ ကြား ၂၀၂၃ ခုနှစ်မှာ စစ်ရေးအရှိန်တိုးမြှင့်ဖို့ စစ်ရေးကြေညာချက်တွေ ရှိနေတဲ့အတွက် စစ်တပ်အနေနဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်တာလို့ သုံးသပ်ပါတယ်။
“အဲဒီအခြေအနေအကြောင့် ၂၀၂၃ ခုနှစ်ဟာ ဗမာပြည်ပြည်တွင်းစစ်ရဲ့ အရှိန်အဟုန်အမြင့်ဆုံး အနေ အထားကို ရောက်ရှိသွားမယ့်အခြေအနေပါ။ ဒါကြောင့်မို့ အခုဘဏ္ဍာနှစ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို အရင်နှစ်က (နောက်ထပ်ခွဲဝေဘတ်ဂျက်အပါ) ၄၀၀၀ ကျော်ကနေ ၅၀၀၀ ကျော်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ တော့ စစ်တပ်အနေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဒီပြည်တွင်းစစ်မှာ တိုးမြှင့်သုံးစွဲပြီး ပြည်သူတွေကို ပိုမိုအကြမ်းဖက် လုယက်မယ်၊ အိမ်တွေမီးရှို့မယ်၊ သတ်ဖြတ်ချေမှုန်းမယ်၊ ဖမ်းဆီးထောင်ချမယ်စတဲ့ အလုပ်တွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ဒီဘတ်ဂျက်ကနေ တိုးမြှင့်သုံးစွဲဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၃ ခုနှစ်ကို နွေဦးတော်လှန်ရေး အဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် သတ်မှတ်ခဲ့သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NUG၊PDF နဲ့ သူတို့ကို ပံ့ပိုးပေးနေတဲ့ EAO တချို့ကို ပြတ်ပြတ်သားသားအရေးယူမယ်လို့ ကြေညာထားတာပါ။
အခုရက်ပိုင်းအတွင်းမှာလည်း ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီမြို့က ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် က ရင်ပြည်နယ်အတွင်းက ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေအပါအဝင် တော်လှန်ရေးပြင်းထန်တဲ့ နယ်မြေတွေမှာ စစ်မျက်နှာဖွင့်ထားရပြီး စစ်ရေးလှုပ်ရှားမှုတွေကို တိုးချဲ့ကာ မြေပြင်စစ်ဆင်ရေးတွေမှာ အရေးနိမ့်လာနေတဲ့အတွက် လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကို ပိုမိုအားထား အသုံးပြုနေရတာပါ။
အရပ်သားအစိုးရလက်ထက်မှာ တင်ပြလာတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်ထောင်စုလွှတ်တော်ကနေ ခွင့်ပြုပေးတဲ့ ပမာဏကိုသာ ရယူသုံးစွဲခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လိုသလောက်ပမာဏကို စစ်ကောင်စီက ထုတ်ယူသုံးစွဲနေတာလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
NLD အစိုးရလက်ထက် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာတော့ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၄၀၀ ကျော်သာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MRTV