ဘန်ကောက် – ဧပြီ(၈)
ထိုင်းလူဝင်မှုကြီးကြပ်ရေးက PDF ရဲဘော်သုံးဦးကိုဖမ်းဆီးပြီး နေရပ်ပြန်ပို့ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် လ.ဝ.က ဟာ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး အက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း လူသိရှင်ကြား ရှင်းလင်းရမယ်လို့ ထိုင်း Commoners ပါတီက တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၅) ရက်နေ့က တာ့ခ်ခရိုင် မဲဆောက်မြို့မှာ PDF စစ်သား(၃) ဦးဟာ ဆေးကုသမှု ခံယူဖို့လာရောက်ချိန်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံး(ဒေသအခေါ် တောမော) ကဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးထားတဲ့သူတွေကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားသလို နောက်ဆုံးသတင်းအချက်အလက်တွေအရ PDF စစ်သားသုံးဦးလုံးဟာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ဖော်ပြထားကြပါတယ်။
ထိုင်းအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးကနေတဆင့် PDF စစ်သားတွေ ဆေးကုသမှုခံယူဖို့ တားမြစ်ထားတယ်လို့လည်း Commoners ပါတီက ပြောထားပါတယ်။
အထူးသဖြင့် ဂျနီဗာကွန်ဗင်းရှင်း (၃) ရဲ့ အပိုဒ်-၁၃ အရ စစ်ဥပဒေ ချိုးဖောက်တာဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်တာ ဒါမှမဟုတ် ညှဉ်းပန်းနှိပ်စက်ပြီး ပြည်နှင်ဒဏ်ပေးတာဟာ ညှဉ်းပန်းနှိပ်စက် ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ မူဝါဒကို ချိုးဖောက်တာနဲ့အတူ ဒီဖြစ်ရပ်ဟာ ဒုက္ခသည်နဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို အတင်းအကျပ် ပြန်ပို့တဲ့ ဖြစ်ရပ်မဟုတ်ဘဲ စစ်ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ် ဖြစ်တယ်လို့ ထိုင်းပြည်သူ့ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိုင်း လ.ဝ.က ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ဟာ စစ်ရာဇဝတ်တရားခံဖြစ်တဲ့ မြန်မာစစ်ကောင် စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ရာမှာပါဝင်ကူညီခဲ့တာဖြစ်တယ်လို့ဆိုထားသလို ထိုင်းအစိုးရက နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်တဲ့ ပြစ်မှု (၂) ခုကို ကျူးလွန် ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ညှင်းပန်းနှိပ်စက်မှုတားဆီးရေး ဥပဒေမှာ “မည်သူတစ်ဦးတစ်ယောက်မှ သည် အစိုးရ အေဂျင်စီ သို့မဟုတ် တာဝန်တစ်ရပ်ထမ်းဆောင်သူကို နှင့်ထုတ်ခြင်း၊ ပြန်ပို့ခြင်း သို့မဟုတ် အခြားခရိုင် ဒေသန္တရတစ်ခုသို့ လွှဲပြောင်းခြင်းမပြုရ”လို့ဖော်ပြထားပါတယ်။ တောမော ဖမ်းဆီးခဲ့တဲ့ PDF ရဲဘော်တွေဟာ ရက်စက်ယုတ်မာမှုတွေကို တိုက်ထုတ်ဖို့ တက်လာ တဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်ဆိုတာ အစတည်းက ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်တယ်လို့ ထိုင်းCommoners ပါတီ ကအသိပေးထားပါတယ်။
ထိုင်း Commoners ပါတီ ရဲ့ အချက်နှစ်ချက်ပါ အစိုးရလုပ်ရပ်ကို ရှုတ်ချထားတဲ့ ထုတ်ပြန်ချက် မှာတော့ ထိုင်းအစိုးရရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေကို ရှုတ်ချသလို လူ့ဂုဏ်သိက္ခာကို ချိုးဖောက်ရာရောက်ကြောင်းနဲ့ ဒုတိယတစ်ချက်မှာတော့ PDF ရဲဘော် တွေကို ဖမ်းဆီးပြီး နေရပ် ပြန်ပို့တာဟာ နိုင်ငံတကာနဲ့ ပြည်တွင်း ဥပဒေကိုချိုးဖောက်ခဲ့တာဖြစ်တဲ့အတွက် ပြည်သူလူထုကို တရားဝင်ဖြေရှင်းဖို့ တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။
PDF ရဲဘော် (၃) ဦးဟာ Lion Battalion Commando ဗျူဟာစစ်ကြောင်းက တော်လှန်ရေး ရဲဘော်တွေဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ထိုင်း Commoners ပါတီ