ကွာလာလမ်ပူ – ဧပြီ(၉) 

တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတချို့မှာ မလေးရှား တည်ဆောက်ထားတဲ့ စွမ်းအင် စီမံ ကိန်းတွေအပေါ် တရုတ်အစိုးရဘက်က စိုးရိမ်ပူပန်ကြောင်း ဖော်ပြပြီးနောက် ပင်လယ်အတွင်း မလေးရှားရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားမှာ ဖြစ်တယ်လို့ ခိုင်မာစွာကတိပြုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးအစိုးရပိုင် ပက်ထရိုနက်စ် စွမ်းအင်လုပ်ငန်းစုရဲ့ ဆောင်ရွက်မှုတွေကို စိုးရိမ်ပူပန်ကြောင်းပြောခဲ့ပေမယ့် လုပ်ငန်းဆောင်ရွက်မှုတွေဟာ မလေးရှားရဲ့ နယ်နိမိတ်အတွင်းမှာသာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကဆိုခဲ့တာပါ။ 

မလေးရှားဝန်ကြီးချုပ်က တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ပေးထားတယ်လို့ ပြောပေ မယ့် ဒီအခြေအနေဟာ မလေးရှားရဲ့ အချုပ်အခြာအာဏာကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အတိုက်အခံတွေက ဝေဖန်ထားပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မလေးရှားဝန်ကြီးချုပ်ရဲ့ မှတ်ချက်ဟာ မလေးရှားရဲ့ ရပ်တည်ချက်ကို အလျှော့မပေးဘဲ တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ ကိစ္စရပ် တွေအားလုံးကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။ 

“မလေးအစိုးရသည် ‌တောင်တရုတ်ပင်လယ်အတွင် နိုင်ငံ၏ ရေကြောင်းဧရိယာများ အတွင်းက အချုပ်အခြာအာဏာ၊ ရပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု မြဲမြံစွာ ကတိကဝက် ပြုကြောင်း” လို့ပြောပါတယ်။ 

သင်္ဘောကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ (၃) ထွီလီယမ် အထိနှစ်စဉ်ရရှိနေတဲ့ တောင်တရုတ် ပင်လယ်တစ်ခုလုံးကို တရုတ်အစိုးရက သူတို့အပိုင်အဖြစ် တောင်ဆိုထားပြီး မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ထိုင်ဝမ်၊ဗီယက်နမ်တို့မှာလည်း တရုတ်အစိုးရက အလားတူ တောင်းဆိုမှု တွေရှိနေပါတယ်။ 

တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ကို သူတို့ရဲ့ ပြည်မကြီးတောင်ဘက်မှ ၁၅၀၀ ကီလို မီတာ အကွာအဝေးထိ  “nine-dash line” ကို အကိုးအကားပြုကာ တောင်းဆိုမှုတွေ ပြုလုပ် နေပြီး ဒီအတိုင်းအတာဟာ ဗီယက်နမ်၊ဖိလစ်ပိုင်၊ မလေးရှား ဘရူနိုင်နဲ့ အင်ဒိုနီးရှာတို့ရဲ့ သီးသန့် စီးပွားရေးဇုံတွေကို ဖြတ်သန်းသွားတာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ခုံသမာဓိရဲ့ အမြဲတမ်းရုံးတော်က တရုတ်အစိုးရ ကိုးကားနေတဲ့ Nine-dash Line ဟာ ဥပဒေကြောင်းအရ အခြေခံထားတာမရှိဘူးလို့ ဆုံးဖြတ်ထားပါတယ်။ 

မလေးအစိုးရပိုင် ပက်ထရိုနက်စ် စွမ်းအင် ကုမ္ပဏီဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ သူတို့ရဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါ တယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.