မြဝတီ၊ ဧပြီ(၆)
စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး ပတ်ဝန်းကျင်နေရာတွေမှာ ဧပြီ(၅)ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီ BGF နဲ့ တော်လှန် ရေး အင်အားစုပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်ခြမ်းက ရွှေကုက္ကိုလ်မြို့သစ်အနီး ထီ့ကော်ထော၊ ထီးချရား၊ ထီးဝါးပလော ကျေးရွာထဲမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ဂိတ်စခန်းနဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူနဲ့ အသုံးပြုတိုက်ခိုက်နေပြီး ရွှေကုက္ကိုလ်မြို့သစ်အနီး ထီ့ကော်ထောကျေးရွာရှိ BGF ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရွှေကုက္ကိုလ်နဲ့ အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ သောင်ရင်းမြစ်ကမ်းနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
နှစ်ဖက်တိုက်ပွဲကြောင့် ရွှေကုက္ကိုလ်မြို့သစ် အဝင်အထွက်နေရာတွေအားလုံးကို BGF က ပိတ်ဆို့လိုက်သလို မြို့တွင်းထဲကလူတွေကိုလည်း အပြင်ကိုမထွက်ဖို့ အသိပေးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
နယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားလျက်ရှိနေသလို စစ်ဘေးရှောင်တွေလည်း ထိုင်းဘက်ခြမ်းကို သောင်ရင်းမြစ်ကနေတစ်ဆင့် ဖြတ်ကူးကျော် ဖြတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရွှေကုက္ကိုလ်မြို့အနီး တိုက်ပွဲဖြစ်ပွားရာနေရာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မ ဟာ(၇) နယ်မြေထဲမှာ ရှိတာဖြစ်ပြီး တပ်မဟာ(၇)နယ်မြေထဲမှာ ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်မှုကိုတော့ လတ်တလောမှာ မသိရှိရသေးဘဲ ဆက် လက်စုံစမ်းမေးမြန်းနေဆဲပဲ ဖြစ်ပါတယ်။
တဖက်မှာလည်း မြဝတီမြို့ တောင်ဘက်ခြမ်းရှိ တပ်မဟာ(၆)နယ်မြေ မဲကနယ် သင်္ဃန်းညီနောင်ဘက်မှာလည်း စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက် ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက မြဝတီမြို့နယ်အတွင်းမဲကနယ် အပြင်မဲကနယ်ကျေး ရွာဘက်ကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အတွင်းမဲကနယ်နဲ့ အပြင်မဲကနယ်ကျေးရွာတွေက ဒေသခံပြည်သူတွေအားလုံး စစ်ဘေးရှောင်နေရပြီး စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media