ပြုံယမ်း – ဧပြီ(၇)
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကနေတစ်ဆင့် တင်းမာမှုတွေ မြင့် တက်လာပြီး နျူစစ်ပွဲဖြစ်လာဖို့ တွန်းပို့နေတာဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပြီး ထိုးစစ်နဲ့ တုံ့ပြန်သွားမယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA မှာဖော်ပြထားပါတယ်။
နိုင်ငံတကာလုံခြုံရေးလေ့လာသုံးသပ်သူ ချိုးဂျူဟွမ်းက အဲဒီလေ့ကျင့်မှုဟာ ကိုရီးယား ကျွန်း ဆွယ် အခြေအနေကို ပေါက်ကွဲတဲ့အထိ တွန်းအားပေးစေတာဖြစ်တယ်လို့ ဝေဖန် ခဲ့တာပါ။
“အမေရိကန်နှင့် ၎င်း၏နောက်လိုက်က မြောက်ကိုရီးယားအပေါ် ဆန့်ကျင်သည့် မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်မှု၊ ဒေါသူပုန်ထမှုဟာ ကိုရီးယားကျွန်းဆွယ်ရှိ အခြေအနေအား နောက်ပြန် မဆုတ်နိုင်သော ကပ်ဆိုးတစ်ခုအဖြစ် နျူကလီးယားစစ်ပွဲ၏ အစွန်းအထိ တွန်းပို့နေတယ်” လို့ မြောက်ကိုရီးယားရဲ့ တရားဝင်အမည်ဖြစ်တဲ့ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အတိုကောက်ကို အသုံးပြုပြီး အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော၊ B-1B နဲ့ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ လေကြောင်း နဲ့ ရေကြောင်း လေ့ကျင်မှု အပါအဝင် နှစ်စဉ် နွေဦးရာသီစစ်ရေးလေ့ကျင့်မှုနဲ့ ငါးနှစ်အတွင်း သူတို့ရဲ့ ပထမဆုံး ကုန်း/ရေနှစ်သွယ် ဆင်းသက်လေ့ကျင့်မှုတွေအပါအဝင် အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့မတ်လကစပြီး စစ်ရေးလေ့ကျင့်နေခဲ့တာပါ။
ထိပ်တိုက်ရင်ဆိုင်မှုတွေကို တွန်းလှန်ဖို့ ရည်ရွယ်တဲ့ လေယာဉ်တင် သင်္ဘောရဲ့ ပူးပေါင်းလက်တွဲ မှုကို အလေးပေးဖော်ပြခဲ့ပြီး ပြုံယမ်းဟာ စစ်ရေးလေ့ကျင့်မှုကို ထိုးစစ်ဆင်ခြင်း နဲ့ တုံ့ပြန်သွား မယ်လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ လေ့ကျင့်မှုအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့သလို သူတို့ကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှုလို့ ပြောထားပါတယ်။
ဒါ့အပြင် ဂျီနီဗာရှိ မြောက်ကိုရီးယား သံတမန်ရေးရာ အမြဲတမ်း ကိုယ်စားလှယ် ဟန်တေဆောင်း က နိုင်ငံရဲ့ အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဒီသီတင်းပတ်မှာ ချမှတ်ခဲ့တဲ့ နှစ်ပတ်လည် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တယ်လို့ KCNA မှာဖော်ပြထားပါတယ်။
ပြုံယမ်းဟာ သူတို့ရဲ့ အစိုးရကို ဖြုတ်ချဖို့ အမေရိကန်ဦးဆောင်တဲ့ ကြံစည်မှုတစ်ခု အဖြစ် ဖော်ပြပြီး သူတို့ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုကို ကာလရှည် ပယ်ချထားတာဖြစ်ပါတယ်။
“သည်းမခံနိုင်သော နိုင်ငံရေး ဒေါသနှင့် ရန်ငြိုးဖွဲ့မှု ဖြစ်ပြီး နိုင်ငံရေးအရ အပြင်းထန်ဆုံး လိမ်လည်မှု” လို့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်ဟန်က ပြောခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတ ယွန်းဆုခ်ယိုကတော့ ပြုံယမ်းရဲ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
Ref: Reuters