နယူးယောက် – ဧပြီ(၆)
မြန်မာစစ်တပ်မှ ပွင့်လင်းမြင်သာမှုမရှိဘဲ နျူကလီးယားစက်ရုံလည်ပတ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်း၊စီမံခန့်ခွဲတဲ့စနစ်တွေမရှိဘဲ အသေးစားနျူကလီးယားဓာတ်ပေါင်းရုံတည်ဆောက်ဖို့ ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ အလေးထား အာရုံစိုက် စောင့်ကြည့်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးခဲ့ပါတယ်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်ရဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဧပြီလ(၃) ရက်နေ့က (၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ဆွေးနွေးပွဲ အထွေထွေရေးရာဆွေးနွေးမှုအစီအစဉ်မှာ ပြောခဲ့တာပါ။
နျူကလီးယားလက်နက်အလုံးစုံပပျောက်ရေး ဆောင်ရွက်ပြီး နျူကလီးယားလက်နက် အသုံးမပြုမှု ခြိမ်းခြောက်မှုအန္တရာယ်မှ လွတ်မြောက်မှာဖြစ်သလို နျူစစ်ပွဲဟာ ဘယ်သူမှအောင်နိုင်မှာမဟုတ်ဘဲ နျူကလီးယားစစ်မက်ဖြစ်ပွားစရာ အကြောင်းမရှိတာကို မိမိတို့အားလုံးသိရှိ နားလည်ထားပြီးဖြစ်သလို နျူကလီးယားလက်နက်ဟာ စစ်မက်မဖြစ်ပွားရေး တားဆီးပေးတဲ့အရာ မဟုတ်ဘဲ မီးလောင်ရာ လေပင့်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် အလုံးစုံနျူကလီးယားစမ်းသပ်မှုတားမြစ်ရေးစာချုပ် အသက်ဝင်စေဖို့ အရေးကြီးသလို အဲဒီစာချုပ်အသက်ဝင်ရေးအတွက် နောက်ဆက်တွဲပါ နိုင်ငံတွေအနေနဲ့ စာချုပ်ကို ဆောလျင်စွာ ပါဝင်လက်မှတ်ရေးထိုးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၂၁ အာဏာသိမ်းမှုမဖြစ်ခဲ့ရင် အခုချိန်မှာ နျူကလီးယားလက်နက် တားဆီး ပိတ်ပင်ရေး ဆိုင်ရာစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးပြီး IAEA ရဲ့ နောက်ဆက်တွဲစာချုပ်တွေ ဟာလည်း အာဏာသက်ဝင်နေမှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာ နိုင်ငံတွေက ဆင်ခြင်နိုင်စွမ်းနဲ့ အသုံးပြုရေးမှာ အရေးကြီးသလို မြန်မာစစ်တပ်ဟာ ပွင့်လင်းမြင်သာမှုမရှိမှု၊ နျူကလီးယားစက်ရုံလည်ပတ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်းတွေ စီမံခန့်ခွဲတဲ့ စနစ်တွေ မရှိတဲ့အပြင် တရားဥပဒေစိုးမိုးရေး လျစ်လျူရှုပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေအပါအဝင် နိုင်ငံတကာဥပဒေတွေကို လိုက်နာတာမရှိတဲ့အတွက် နိုင်ငံတကာအနေနဲ့ အလေးထား စောင့်ကြည့်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ ကျူးလွန်မှုတွေကို ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ လက်နက်ကြောင့် လူနေမှုဘဝ ပျက်စီးဆုံးရှုံးရတာနဲ့ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက် နိုင်တာအပြင် နျူကလီးယားလက်နက်အသုံးပြုမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ လူသားချင်းစာနာ ထောက်ထားမှုအခြေအနေတွေနဲ့ နျူလက်နက် လွှဲပြောင်းမှုကြောင့် ဖြစ်ပေါ်လာမယ့် လုံခြုံရေး ဆိုင်ရာ အန္တရာယ်တွေအပေါ် များစွာစိုးရိမ်ကြောင်းလည်း ဆိုခဲ့ပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီကို လက်နက်တင်ပို့တဲ့ နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့မှုကို ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုတယ်လို့ သံအမှတ်ကြီးက တောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ထိန်းချုပ်တာဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်တာ ဖြစ်တာကြောင့် စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေ အနေနဲ့ လက်နက်ရောင်းချ မှုတွေ ချက်ချင်းရပ်ဖို့ မြန်မာပြည်သူတွေကိုယ်စားတောင်းဆိုတယ်လို့လည်း ပြောခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်