မော်လမြိုင် ၊ ဧပြီ (၆)
ပြည်ပနိုင်ငံအသီးသီးကနေ ပြန်လည်ဝင်ရောက်လာမယ့် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းတွေ တည်ထောင်နိုင်သူတွေဖြစ်အောင် ကူညီပံ့ပို့ပေးသွားမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ် ပြန်ကြေညာမှုအပေါ် အယုံအကြည်မရှိဘူးလို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံး (ဘန်ကောက်)က ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေကို အသိပေးချက်ဆိုတဲ့စာတစ်စောင် ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ပြည်ပနိုင်ငံအသီးသီးမှာ အလုပ်လုပ်ကိုင်ပြီး သတ်မှတ်ကာလ ပြည့်မြောက်ကာ ပြန်လည်ထွက်ခွာတော့မယ့် ရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းအတွေ့အကြုံ၊ စီ းပွားရေးမိတ်ဖက် အသိုင်းအဝိုင်းနဲ့ ငွေကြေးတွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ပိုင်ဆိုင်ထားသူတွေကို စစ်ကောင်စီအနေနဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း တွေကို ပံ့ပိုးမြှင့်တင်နိုင်ဖို့အတွက် ကော်မတီတွေ၊ အေဂျင်စီတွေနဲ့အဖွဲ့တွေဖွဲ့စည်းပြီး လုပ်ငန်းတည်ထောင် လိုသူတွေကို ကူညီပံ့ပိုးပေးနေတာကြောင့် လုပ်ငန်းအတွေ့အကြုံရှိတဲ့ လုပ်သားတွေအနေနဲ့ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့အတူ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေရှိ (MSME)အေဂျင်စီတွေမှာ ပူးပေါင်းကြဖို့ တိုက်တွန်း ထားပါတယ်။
ပူးပေါင်းဆောင်ရွက်သူတွေကိုတော့ စစ်ကောင်စီရဲ့ သက်ဆိုင်ရာပြည်နယ်နဲ့တိုင်းရှိ (MSME) အေ ဂျင်စီတွေက ငွေကြေးပံ့ပိုးမှုတွေ၊ လုပ်ငန်းမှတ်ပုံတင် ပြုလုပ်ပေးမှုတွေနဲ့ အတိုင်ပင်ခံဝန်ဆောင်မှုတွေရယူပြီး ရွှေ့ပြောင်းလုပ်သားဘဝကနေ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်ဘဝကို ရောက်ရှိအောင် ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိမယ်လို့ ဝါဒဖြန့်တာပါ။
အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးကတော့ စစ်ကောင်စီက ရွှေ့ပြောင်းလုပ်သားတွေကို သူတို့လုပ်ဆောင်နေတဲ့ (MSME) လုပ်ငန်းတွေမှာ ပူးပေါင်းဖို့ပြောဆိုနေပေမယ့် လက်ရှိမှာ MOU လုပ်သားတွေတောင် အလုပ်ဖြုတ်ခံရတာရှိနေသလို ပြည်ပမှာစုဆောင်းပြီး ရလာတဲ့ငွေတွေကို အာမ ခံချက်မရှိဘဲ ခေါ်ဆောင်တာဟာ အနုတ်လက္ခဏာဆောင်ပြီး ဝါဒဖြန့်မှုသာဖြစ်တယ်လို့ ဝေဖန်တာပါ။
“ကျွန်တော်ပြောမယ်ဗျာ။ အခုယိုးဒယားကို သင်တန်းတွေတက် MOU ထိုးပြီး သွားတဲ့အလုပ်သမားတွေ အားလုံးထိုင်းမှာ အခုအကုန်အလုပ်ဖြုတ်ခံနေရတယ်။ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနဲ့ MOU ထိုးပြီးသွားတဲ့ အလုပ်သမားတွေတောင်မှ ဟိုမှာအလုပ်ဖြုတ်ခံရပြီးတော့ အခုမြန်မာနိုင်ငံကို ပြန်ပို့ရမလို ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ခုနကကိစ္စတွေကဗျာ။ ဒါတွေက လက်တွေ့ကျတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့ဗျ။ နိုင်ငံခြားမှာ သွားလုပ်လည်း ဥပမာပေါ့ဗျာ ထိုင်းတို့၊ မလေးတို့သွားလုပ်တဲ့ အလုပ်သမားအများစုက အိမ်ကိုပိုက်ဆံ အများကြီးမှ မပို့နိုင်တာကို၊ အဲဒီတော့ သူတို့ရဲ့ ဟိုဘက်က (၄) (၅) (၆)နှစ် (၁၀) နှစ်စုထားတဲ့ ငွေတွေအားလုံးက ဒီနေ့အဲဒီလိုမျိုး ရင်းနှီးမြုပ်နှံမှုကိစ္စမှာ အာမခံချက် ဘယ်လောက်ရှိမလဲဆိုတာ ဘာမှကိုပြောလို့မရဘူး။ ပြောလို့ရတာတစ်ခုပဲရှိတယ်။ အပေါင်း လက္ခဏာဆောင်တဲ့ အခြေအနေတော့ မဖြစ်ဘူး။ အနုတ်လက္ခဏာဆောင်တဲ့ အခြေအနေတော့ ဖြစ်သွားမှာဒါပဲ။ (SME) တို့၊ ဘာတို့ ကျွန်တော်တို့လည်း သတင်းထဲမှာ တွေ့နေရတာပဲ။ ဒါတွေအားလုံးက ဘာလဲဆိုတော့ နိုင်ငံတကာကို ဝါဒဖြန့်နေတဲ့ ဖော်ရှိုးလုပ်တဲ့ လုပ်ရပ်တစ်ခုလို့ပဲ ကျွန်တော် မြင်တယ်”လို့ ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သား အများစုဟာ တဖက်နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေပေမယ့် ပညာ ရှင်တွေ မဟုတ်တာကြောင့် ထင်သလောက် ငွေကြေးရရှိခြင်းမရှိသလို အနှစ်နှစ်အလလ စုဆောင်းပြီး စစ်ကောင်စီရဲ့ အာမခံချက်မရှိတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုက်ပါက သဲထဲရေသွန်သလို ဖြစ်သွားနိုင်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။
ပြည်ပရွှေ့ပြောင်း အလုပ်သမားတစ်ဦးကလည်း စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို အယုံအကြည်မရှိသလို သူတို့ လုပ်ကိုင်နေတဲ့ (MSME) လုပ်ငန်းတွေမှာလည်း ရင်းနှီးမြုပ်နှံမှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မြေပြင်မှာ သူတို့တွေကနေပြီးတော့ ဒီလိုမျိုးပဲခေါ်တယ်၊ ပြန်လာပါ၊ ဒီလိုမျိုးလုပ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ထိုင်းရောက်မြန်မာတွေ ယုံကြည်မှုမရှိဘူး။ နောက်ပြီးတော့ သူတို့ဘာသူတို့ အိမ်စောင့် အစိုးရပဲလို့ ကြေညာထားပြောထားပါစေ။ ထိုင်းရောက်အလုပ်သမားတွေ အရေးကိစ္စမှာလည်း ဒီဘက်ခြမ်းက ဖြေရှင်းမေးမြန်းတာတို့၊ လာရောက်ဖြေရှင်းတာတို့ ဘယ်သူမှမရှိဘူး။ သူတို့ ဒီလိုမျိုးပြောကြားတဲ့အပေါ်မှာ အသေးစားလုပ်ငန်းလေးတွေ၊ အကြီးစားလုပ်ငန်းတွေ အဲဒီစကစရဲ့ ကြေ ညာချက်မှာ ယုံကြည်မှုမရှိဘူးလို့ဘဲ ကျွန်တော်တို့က ပြောကြားချင်ပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့တွေကတော့ ယုံကြည်မှုမရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုလည်း လုပ်မှာမဟုတ်ဘူး။ ပြန် သွားဖို့လည်း အစီအစဉ်မရှိဘူး”လို့ ဆိုပါတယ်။
အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း(MSME) တွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ စစ်ကောင်စီဟာ လက်ရှိမှာတော့ လျှပ်စစ်မီးပင် ပုံမှန်မပေးနိုင်တာကြောင့် လုပ်ငန်းအများစု ရပ်နားရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ပြည် တွင်း အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေကြောင့် နေ့စဉ်ရွှေ့ပြောင်းလုပ်သား ရာနဲ့ချီ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ကာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အလုပ်အကိုင် အခက်အခဲ ပြဿနာတွေကြောင့် ရွှေ့ပြောင်းလုပ်သားသိန်းနဲ့ချီ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး အဲဒီထဲမှာ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို အများဆုံးထွက်ခွာနေကြတာလို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI