ကျိုက်ထို၊ ဧပြီ(၆)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။
ဧပြီ(၅)ရက် မနက် ၆ နာရီလောက်မှာ တပ်စွဲထားတဲ့ အင်္ဂဘိုကျေးရွာ သုသာန်အနီးကနေ ထွက်လာတဲ့ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၂)က တပ်ကြပ်ကြီး ကျော်ဆန်းကို KNLA ၊ KRF ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် တပ်ကြပ်ကြီးကျော်ဆန်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်ပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ တပ်ကြပ်ကြီး ကျော်ဆန်းထံကနေ လက်ပစ်ဗုံး၊ ဖုန်း၊ ဆိုင်ကယ်နဲ့လက်ထိပ်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ထုတ်ပြန်ထားပါတယ်။
KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌကတော့ တပ်ကြပ်ကြီး ကျော်ဆန်းဟာ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်ရာမှာ တာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကြပ်ကြီး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းတချို့ကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာနဲ့ တောနင်းရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်