ကိုကိုးကျွန်း ၊ ဧပြီ (၆)
မြန်မာပိုင်နက်ဖြစ်တဲ့ ကိုကိုးကျွန်းမှာ လေယာဉ်ပြေးလမ်းတိုးချဲ့တာတွေ၊ သိုလှောင်ရုံနဲ့ ရေဒါစခန်းအပါအဝင် စစ်ရေးဆိုင်ရာ အဆောက်အအုံသစ်တွေ တည်ဆောက်မှုတွေမှာ တရုတ်ပါဝင်နိုင်တယ်ဆိုတဲ့ သံသယတွေ ထွက်ပေါ်လာနေတယ်လို့ နိုင်ငံတကာသတင်းဌာနတချို့က ဖော်ပြပါတယ်။
နည်းပညာကုမ္ပဏီ Maxar Technologies ကနေ ဇန်နဝါရီမှာ ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ကိုကိုးကျွန်းပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးမြှင့်တည်ဆောက်နေတဲ့ပုံတွေကို ပြသနေတာ ဖြစ်ပါတယ်။
လန်ဒန်အခြေစိုက် လွတ်လပ်တဲ့မူဝါဒရေးရာဌာနတစ်ခုဖြစ်တဲ့ Chatham House ရဲ့ဆောင်းပါးတစ်စောင် မှာတော့ ဂြိုဟ်တုဓာတ်ပုံတွေအရ လေယာဉ်ရုံအသစ် ၂ ရုံ၊ မီတာ ၂၃၀၀ ရှည်တဲ့ ပြေးလမ်းအသစ်တစ်ခုနဲ့ ရေဒါစခန်း အသစ်တစ်ခု တွေ့မြင်ရတယ်လို့ ဂြိုဟ်တုဓာတ်ပုံကျွမ်းကျင်သူ ဒမ်မီယန်ဆိုင်မွန်နဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးပြဿနာအကြံပေး ဂျွန်ပိုလော့ခ်က ဆိုပါတယ်။
ဒါ့အပြင် မတ်ကုန်ပိုင်းကလည်း ကိုကိုးကျွန်းတောင်ဘက်စွန်းမှာ မြေရှင်းလင်းနေတဲ့ အထောက်အ ထားတွေ တွေ့ရတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းတွေ လာတော့မယ့် လက္ခဏာရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ်နှစ်ခုအတွင်း ကိုကိုးကျွန်းမှာ ထောက်လှမ်းရေးအတွက် တရုတ်နိုင်ငံက အထူးရေဒါစနစ်ကို အသုံးပြုပြီး တပ်စွဲနေထိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ပင်လယ်ပြင်ကို စိုးမိုးဖို့ကြိုးစားနေတဲ့ တရုတ်နိုင်ငံအနေနဲ့ ကိုကိုးကျွန်းဟာ အရေးပါတဲ့ ဗျူဟာမြောက်နေရာမှာ ပါဝင်တာကြောင့် စစ်စခန်းတည်ဆောက်မှုဟာ ဖြစ်နိုင်ချေရှိတယ်လို့ သုံးသပ်ပါတယ်။
“ကိုကိုးကျွန်းမှာ စစ်ကောင်စီနဲ့ တရုတ်အတွက် စစ်စခန်းတည်ဆောက်မှုက ဖြစ်နိုင်ချေအများကြီးရှိပါတယ်။ တရုတ်ဆိုတာလည်း ပင်လယ်ပြင်ကို စိုးမိုးဖို့ကြိုးစားနေတဲ့ နိုင်ငံလည်း ဖြစ်တယ်။ မြန်မာစစ်တပ်ဆိုတာ တရုတ် ရဲ့ ဩဇာခံလို့တောင်မှ ပြောလို့ရတယ်။ ပင်လယ်ပြင်မှာ အမေရိကန်လို ရေ တပ်အင်အားကိုယှဉ်ဖို့ ကိုကိုးကျွန်းက အရေးပါတဲ့ ဗျူဟာမြောက်နေရာထဲမှာ ပါဝင်တယ်။ အဲဒီတော့ တရုတ်ရဲ့ ပြောသမျှလုပ်နေတဲ့ မြန်မာစစ်တပ်ကို အသုံးချပြီးတော့ စစ်စခန်းတည်ဆောက်မှုက အများကြီးဖြစ်နိုင်ချေရှိတယ်။ ရှိတယ်လို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်တယ်”လို့ သူက ဆိုပါတယ်။
ကိုကိုးကျွန်းဟာ အိန္ဒိယနိုင်ငံပိုင် ဗျူဟာမြောက် အန္ဒမန်ကျွန်းစု၊ နီကိုဘားကျွန်းစုတို့နဲ့ နီးစပ်နေပြီး အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ကုန်းမြေ ၁၆၄၃ ကီလိုမီတာနဲ့ရေကြောင်းနယ်နိမိတ် နီးကပ်နေရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရှိ ကုန်းတွင်းပိုင်းမှာလည်း တရုတ်ရဲ့ စီမံကိန်းတွေနဲ့အတူ စစ်ကောင်စီက ကို ကိုးကျွန်းကို စစ်စခန်းပုံစံသွင်းနေတာဟာ အိန္ဒိယနဲ့ သူတို့ရေတပ်အတွက် ကြီးမားတဲ့လုံခြုံရေးစိန် ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်တယ်လို့လည်း နိုင်ငံခြားသတင်းဌာနတွေက ဖော်ပြပါတယ်။
တရုတ်အခြေစိုက် မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်ကတော့ ကိုကိုးကျွန်းမှာ စစ်ရေးဆိုင်ရာ တည်ဆောက်နေမှုအပေါ် တရုတ်နိုင်ငံဘက်က ပြောဆိုသံမကြားရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူ့ရေလမ်းခရီး သင်္ဘောတွေစိုက်ပြီးတော့ ဆီထည့်ရမယ့်နေရာတွေမှာတော့ သူပြောင်ပြောထားတာရှိတယ်။ အဲဒီမှာ ရေတပ်စခန်းလိုဟာမျိုးလေးတွေပေါ့ဗျာ၊ စခန်းထောင့်ကလေးတွေပေါ့။ အဲဒီလိုမျိုးတွေ သူတို့လုပ်တယ်ဆိုတာ သူတို့ ပြောပါတယ်။ ဩစတြေးလျပတ်ပတ်လည်မှာရှိတဲ့ ပစိဖိတ်ကျွန်းစု ပတ်ပတ်လည်မှာလည်း စခန်းတွေဆောက်ဖို့၊ သူတို့ရဲ့ ကာကွယ်ရေးစနစ်တွေ ကာကွယ်ဖို့ အဲဒါတွေတော့ ပြောင်လုပ်တာတွေ ရှိတယ်။ အဲဒီတော့ ပြောင်ပြောတာမဟုတ်ဘူးဆိုရင်တော့ ကိုကိုးကျွန်းမှာ တရုတ်ဝင်တယ်ဆိုတာ ကြားလှပြီကြားနေတာ။ ဘာမှ တိတိကျကျ ထွက်မလာဘဲ။ အဲဒီတော့ ဒီဟာကအိန္ဒိယနဲ့ တရုတ်ကြားက ပဋိပက္ခပေါ် လုပ်စားနေကြတာထင်တယ်”လို့ သူက ဆိုပါတယ်။
တရုတ်အနေနဲ့ ကုန်စည်တွေကို အရှေ့ဘက်ကမ်းရိုးတန်းဆီရောက်ဖို့ မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး မှီခိုနေရမယ့်အစား အိန္ဒိယသမုဒ္ဒရာထဲ ဖြတ်သန်းဖို့ အစားထိုးလမ်းကြောင်းရရှိရေး တရုတ်-မြန်မာစီးပွားရေး စင်္ကြန်လမ်းကနေ နိုင်ငံအတွင်း အခြေခံအဆောက်အအုံပရောဂျက်များစွာ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
တရုတ် – မြန်မာ စီးပွားရေးစင်္ကြန်လမ်း (CMEC) စီမံကိန်းကိုတော့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် စက်တင်ဘာမှာ တရုတ်နိုင်ငံ၊ဘေဂျင်းမြို့မှာ နှစ်နိုင်ငံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်းယူထားတဲ့ စစ်ကောင်စီအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတွေက ပြစ်တင်ရှုတ်ချနေချိန်မှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ဟာ စစ်အုပ်စုကို ကျားကန်ပေးနေတာ ဖြစ်ပါတယ်။
ဥပဒေပညာရှင်တစ်ဦးကတော့ မြန်မာ့ပိုင်နက်ထဲ ပြည်ပနိုင်ငံကနေ စစ်ရေးဆိုင်ရာ အဆောက်အအုံတည် ဆောက်ထားရှိမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသေးစိတ်ပြဌာန်းထားတာ မရှိပေမယ့် တပ်မတော်အနေနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတွေကို ဥပဒေသမားတွေ အမြဲတမ်းပြောခဲ့တာ ရှိပါတယ်။ ဒီ ၂၀၀၈ ခြေဥအရ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေ၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ နိုင်ငံတော်သမ္မ တ ပြစ်မှုပြုတဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအသီးသီးက တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဝင်ရောက်ဆောင်ရွက်ခွင့် မရှိဘူး။ မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ၂၀၀၈ ခြေဥပုဒ်မ ၂၀ (ခ) အရ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို တပ်မတော်က လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်လို့ အဲဒီပြဌာန်းချက်ကို ကျော်လွန်နိုင်ခြင်းမရှိဘူး။ အခုလက်ရှိဖြစ် နေတာတွေအပေါ်မှာ ဆောင်ရွက်ခွင့်ရှိသလားလို့ပြောရင် ဒါက တပ်ပိုင်းဆိုင်ရာကိစ္စဆိုရင် ဆောင်ရွက်ပိုင်ခွင့်ရှိတယ်၊ ဥပဒေက ပေးထားတဲ့ ပေးထားချက်ဖြစ်တယ်လို့ပဲ ပြောရမှာဖြစ်တယ်”လို့ သူကဆိုပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် အာဏာ သိမ်းယူမှုအပြီး ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပါအဝင် စစ်တပ်အပေါ်ရော ပြည် တွင်းစီးပွားရေးလုပ်ငန်းတွေမှာပါ ဩဇာလွှမ်းမိုးမှု ရှိနေတာပါ။
ပြီးခဲ့တဲ့ မတ်လအတွင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပန်ခမ်းမြို့မှာ ပြုလုပ်ခဲ့တဲ့ FPNCC အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေ ပြေလည်ချုပ်ငြိမ်းရေး တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုထောက်ခံတယ်လို့ ဖော်ပြထားတာပါ။
အတိုက်အခံအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း မြန်မာ့အရေး တရုတ်နိုင်ငံ ကြားဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုတယ်လို့ NUG အစိုးရ အဖွဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Hangar