မော်လမြိုင်၊ ဧပြီ(၅)

စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် အခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက် လာတဲ့အတွက် သင်္ကြန်ကာလတွေမှာ ဈေးနှုန်းပိုမိုမြင့်တက်လာနိုင်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ဧပြီ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ (၉၅) ဓာတ်ဆီ တစ်လီတာကို ကျပ် (၂၂၄၀) ဝန်းကျင်ကနေ ကျပ် (၂၄၀၀) ဝန်းကျင်ထိ မြင့်တက်လာသလို (၉၂) ဓာတ်ဆီကလည်း ကျပ် (၂၁၅၀) ဝန်းကျင်မှ ကျပ်(၂၃၀၀) နီးပါး၊ ပရီမီယံဒီဇယ် ကျပ်(၂၂၀၀) ဝန်းကျင်မှ ကျပ်(၂၃၀၀)ထိ တစ် လီတာကို ကျပ် ၁၅၀ ကျော် ထပ်မံမြင့်တက်လာတာပါ။

စက်သုံးဆီးဈေးနှုန်း မြင့်တက်လာရတာဟာ စစ်ကောင်စီက စက်သုံးဆီတွေကို လိုသလောက် ရောင်း ချပေးတာ မရှိတဲ့အတွက် စက်သုံးဆီတချို့ ပြတ်လပ်နေသလို ခွဲတမ်းပေးတဲ့နှုန်းနဲ့ သုံးစွဲမှုနှုန်းမမျှတတာကြောင့် ရေရှည်အခြေအနေမကောင်းဘူးလို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဆီတော့ လုံလုံလောက်လောက် မရောင်းပေးဘူး။ ဇာတ်လမ်းက အဲဒီလိုတွေဖြစ်နေတယ်။ ဆီက ဘယ်မှာနေလို့ နေမှန်းမသိဘူး အဲဒီလို၊ လက်ရှိအခုလည်း ဆီတွေကသိတဲ့အတိုင်းပဲ ပြတ်နေတာတွေက များပါတယ်။ အဓိကတော့ (၉၂)နဲ့ (၉၅) မပြတ်ဘူး။ အခုကဘာပြတ်နေလဲဆိုတော့ ဒီဇယ်နဲ့ပရီမီ ယံ အဲဒီဆီ(၂)မျိုးက ပြတ်နေတယ်။ သီလဝါမှာတင်ပေးတဲ့ အခုလီတာ(၁)သောင်း ဝယ်မယ်ဆိုရင် အဲဒီလိုဝယ်လို့မရဘူး။ အရင်တုန်းကဆိုရင် လီတာ (၁)သိန်းတို့ (၂)သိန်းတို့ပေါ့နော်။ အခုက(၁)သိန်းတို့၊ (၂)သိန်းတို့ မပြောနဲ့ (၁)သောင်း ဝယ်ချင်ရင်တောင် ပိုက်ဆံရှိတယ်၊ ဝယ်မယ်ဆိုဝယ်လို့မရဘူး။ သင်္ဘောကဝင်တယ်၊ သင်္ဘောက ဝင်ပေမယ့်လေ ဘယ်လိုလဲဆိုတော့ ဒီအစိုးရရဲ့ ထိန်းချုပ်မှုအောက် ပြန်သွားရတယ်ဆိုတော့လေ ဆီဆိုင်တွေပေးတဲ့ ခွဲတမ်းတွေနဲ့ လက်ရှိဒီရာသီမှာသုံးတဲ့ သုံးစွဲမှုနဲ့ကလေ အချိုးကဘယ်လိုမှမမျှဘူး။ အဲဒီလိုဖြစ်နေတယ်၊ ဒါကလည်း ရေရှည်ဖြစ်နေတော့လည်း အခြေ အနေကမကောင်းပါဘူး ဒီဟာကြီးက”လို့ ဆိုပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလ ပိတ်ရက်ရှည်တာကြောင့် ခရီးသွားလာမှုများနိုင်ပြီး စက်သုံးဆီလိုသလောက် ရောင်းချ မပေးပါက ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်ကာ စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ကမ္ဘာ့စက်သုံးဆီ ဈေး နှုန်း မြင့်တက်နေမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချဖို့နဲ့ အသုံးစရိတ်မြင့်မားမှုကို ရှောင်းရှားဖို့အတွက်ဆိုပြီး ပြည်ပကနေတင်သွင်းတဲ့ စက်သုံးဆီသုံးစွဲမှုတွေကို တတ်နိုင်သမျှ လျှော့ချမယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာတော့ စက်သုံးဆီခွဲတမ်းတွေကို (၁၀)ရာခိုင်နှုန်းခန့် လျော့ချလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ဓာတ်ဆီတစ်လီတာကို ကျပ်(၆၀၀) ဝန်းကျင်သာရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း (၄)ဆကျော် မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း နေ့စဉ်နီးပါးဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.