မော်လမြိုင်၊ ဧပြီ(၅)

အရေးပေါ်ကာလသက်တမ်း ထပ်တိုးထားတဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ် ခတ်မှုကြောင့် မွန်ပြည်နယ်မှာ အရပ်သားထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာ အဲဒီ ၂ လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂၀ နီးပါး သေဆုံးခဲ့သလို ဒဏ်ရာရသူ ၄၀ ကျော် ရှိခဲ့တာပါ။

အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ပစ်ခတ်တာ၊ ကျေးရွာထဲတွေ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲတာ၊ ရမ်းသမ်းပစ်ခတ်တာ၊ ကန့်သတ်ချိန် ကျော်လွန်သွားလာမှုတွေကြောင့် ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်က ဒေသခံတွေဟာ ကန့်သတ်ချိန် ကျော်လွန်သွားလာမှုကြောင့် အများဆုံးပစ်သတ်ခံရတာဖြစ်ပြီး သထုံခရိုင်ထဲက မြို့နယ်တွေမှာတော့ လက်နက်ကြီးထိမှန်တာကြောင့် သေဆုံးမှုပိုများလာတာ ဖြစ်ပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီတပ်ဟာ သူတို့ တပ်စခန်းတွေ တိုက် ခိုက်ခံရတိုင်း အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ ထိခိုက်သေဆုံးမှုတွေ ပိုများလာတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ညဖက်ဆိုရင်လည်း လက်နက်ကြီးတွေရမ်းသမ်း ပစ်ခတ်တာပေါ့နော်။ ပစ်ခတ်တိုင်းမှာလည်း ကျေး ရွာတွေထဲကိုကျတယ်။ လူထုတွေထိတယ်။ ကလေးသူငယ်တွေလည်းထိတယ်။ သေဆုံးတာတွေရှိသလို ဒဏ်ရာရတာတွေလည်းရှိတယ်။ မတ်လမှာတော့ ထိခိုက်ဒဏ်ရာရသူက ဆယ်ဦးနဲ့အထက်ရှိတယ်ပေါ့။ သူတို့ကိုကျွန်တော်တို့ကပစ်ပြီဆို သူတို့နေရာကို ရောက်အောင်ပစ်တယ်။ သူတို့ကိုပဲ ကျွန် တော်တို့ဦးတည်ထားတယ်။ သူတို့မိသားစုတွေကို သူတို့လိုကျွန်တော်တို့လုပ်ဖို့အတွက် တစ်ခါမှမစဉ်းစားမိသေးဘူးပေါ့နော်။ သူတို့ကတော့ ကျွန်တော်တို့ကိုတိုက်ဖို့ဆိုရင် ရွာတွေထဲကိုလက်နက်ကြီးနဲ့ပစ်တယ်။ ပစ်တော့ရွာသားတွေထိတယ်။ တိရစ္ဆာန်တွေထိတယ်။ အိုးအိမ်တွေထိတယ်” လို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေထဲမှာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့က ဘီးလင်းမြို့နယ်အခြေစိုက် အမှတ် ၃၁၄ ဇီးဝန်းအမြောက်တပ်ရင်းကနေ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝင်းကြီးကျေးရွာကို လက်နက်ကြီးနဲ့ ပစ်တ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၇၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေပြီး အမျိုးသားကတော့ ၃၀ ကျော် ပါဝင်နေတာပါ။ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သံလွင်တိုင်းမ်က လက်လှမ်းမီးသလောက် ပြုစုထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြောခွင့်ရ နိုင်နဂါးကလည်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ခပ်စိပ်စိပ်ဖြစ်လာပေမယ့် မွန်လူမျိုးနဲ့မွန်ပြည်နယ်အတွက် ကိုယ်စားပြုတယ်ဆိုတဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ တွေက တာဝန်ယူဖြေရှင်းတာမရှိဘဲ ကိုယ်ထိကိုယ်ခံ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

“အခုလိုမွန်ပြည်နယ်မှာ ခပ်စိပ်စိပ်ဖြစ်လာတဲ့အပေါ်မှာ မွန်လူမျိုးနဲ့မွန်ပြည်နယ်အတွက် ကိုယ်စားပြုပေးပါတယ် ဆိုတဲ့ နိုင်ငံရေးပါတီတို့၊ အဖွဲ့တွေက ဘာမှပြောဆိုသံမကြားရဘူးခင်ဗျ။ ကိုယ်ဖြစ်ကိုယ်ခံ၊ အခြေအနေဖြစ်နေ ပါတယ်။ အဲဒီတော့မွန်ပြည်သူတစ်ရပ်လုံးအနေနဲ့ ပြည်သူလူထုကို မတရားရက်စက် ဖိနှိပ်နေတဲ့ စစ်တပ်အောက်ကနေပြီးတော့ အမြန်ဆုံးရုန်းထွက်ဖို့ဟာ အရေးကြီးပါတယ်။ ဒီလိုလွတ်လပ်မှုတစ်ခုကိုရဖို့ အတွက်ကတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားတွေဘက်ကနေပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ တစ်ဖက်တစ်လမ်းကပါဝင်ကူညီကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျ” လို့ပြောပါတယ်။

လတ်တလောမှာလည်း မွန်ပြည်နယ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုများပြားလာတဲ့အတွက် ကြောက်စိတ်တွေ များလာပြီးနောက် ပြည်သူနဲ့ တော်လှန်ရေးရဲဘော်တွေကို ကွဲကွဲပြားပြား မမြင်နိုင်တော့ဘဲ မြင်မြင်သမျှ ပစ်ခတ်နေတာလို့ နိုင်နဂါးက ဆိုပါတယ်။

မွန်ပြည်နယ်ဟာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ၃ လတာအတွင်းမှာ စစ်ကောင်စီနဲ့ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် KNLA၊ ဒေသကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားထားသလို အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ အချက်အလက်တွေအရ မွန်ပြည် နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အရပ်သား ၆၀ နီးပါး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရွှေဟင်္သာပရဟိတလူမှုကူညီရေးအသင်းပုံစာ – ရေးမြို့အောင်သာယာရွာအနီးမှာ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.