နေပြည်တော် ၊ ဧပြီ (၅)

၂၀၂၃ ခုနှစ်အတွက် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ မတ် ၃၀ ရက်နေ့မှာ ပြန်လည်ပြဌာန်းလိုက်တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အဲဒီဥပဒေကို ၂၀၂၃ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေဟုခေါ်တွင်ပြီး ဧပြီ ၁ ရက်နေ့ကစပြီး စတင်အကျိုးသက်ရောက်စေရမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

အထူးကုန်စည်အမျိုးအစားတွေနဲ့ ပတ်သက်ပြီး စီးကရက်အမျိုးမျိုး အလိပ် ၂၀ ပါ တစ်ဗူးရောင်းဈေး ၇၀၀ ကျပ်အထိဖြစ်ရင် တစ်လိပ် ၁၀ ကျပ်ကနေ တစ်ဗူးရောင်းဈေး ၁၁၀၁ ကျပ်နဲ့အထက်ဖြစ်ရင် တစ်လိပ် ၂၇ ကျပ်အထိ အခွန်နှုန်းကျသင့်မှာ ဖြစ်ပါတယ်။

ဆေးရွက်ကြီးနဲ့ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေးကိုတော့ ၆၀ ရာခိုင်နှုန်း၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေး တွေနဲ့ ကွမ်းစားဆေးအမျိုးမျိုးကိုတော့ ၈၀ ရာခိုင်နှုန်းနဲ့ ဆေးပေါ့လိပ်တစ်လိပ်ဆိုရင် အခွန် ၁ ကျပ်နှုန်းအဖြစ် သတ်မှတ်ထားပါတယ်။

အရက်နဲ့ ဘီယာအမျိုးမျိုးကိုတော့ တစ်လီတာတန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း အခွန်သတ်မှတ်ထားပြီး ဝိုင်အမျိုးမျိုးကိုမူ တစ်လီတာတန်ဖိုး ၅၀ ရာခိုင်နှုန်းအဖြစ် အခွန်ပေးချေရမှာပါ။

ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ ဂျက်လေယာဉ်ဆီကိုတော့ အထူးကုန်စည်အမျိုးအစားအဖြစ် အခွန် ၅ ရာခိုင်နှုန်းသတ်မှတ်ထားပြီး သဘာဝဓာတ်ငွေ့ကိုတော့ အခွန် ၈ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

ကုန်သွယ်လုပ်ငန်းခွန်နဲ့ပတ်သက်ပြီး စားသောက်ကုန်စည်တွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ ကုန်စည်တွေ၊ ကျောင်းသုံးရုံးသုံးကုန်စည်တွေ၊ ကျန်းမာရေးဆိုင်ရာကုန်စည်တွေ၊ ဘာသာရေးနဲ့ လူမှုရေးသုံးကုန်စည်တွေနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်စည်တွေမှာတော့ အခွန်မကျသင့်စေရဘူးလို့ ဖော်ပြထားပါတယ်။

စစ်တပ်က နိုင်ငံ့အာဏာသုံးရပ်ကို စတင်သိမ်းယူပြီးချိန်ကနေ ဒီကနေ့အထိ လွှတ်တော်မရှိဘဲ ဥပဒေတွေ၊ နည်းဥပဒေတွေအပါအဝင် အမိန့်ညွှန်ကြားချက်တွေကို စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဌာန်းထုတ်ပြန်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.