မြိုင် – ဧပြီ(၃)

မကွေးတိုင်း၊မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို စစ်ကောင်စီလက်အောက်ခံ စစ်သား နဲ့ ရဲ (၇) ဦးလက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့အတွက် ဂုဏ်ပြုငွေပေးအပ် ထားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဧပြီလ(၃) ရက်နေ့ မနက်(၁၀) နာရီဝန်းကျင်က စစ်ကောင်စီတပ်မ-၁၀၁ က စစ်သား (၃) ဦးနဲ့ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရဲ(၄) ဦးတို့ အလင်းဝင်ရောက်လာတာပါ။

အရင်ကချိတ်ဆက်ထားတဲ့ တပ်တွင်းကိစ္စရပ်တွေအရ အခုချိန်မှ အလင်းဝင်ရောက်လာတာပါ။

အလင်းဝင်လာတဲ့သူတွေကို တစ်ဦး ငွေကျပ် (၁၀၆) သိန်းစီ ဆုချီးမြှင့်ထားပြီး စုစုပေါင်း (၇၂၄) သိန်း ကျပ်ကို ပေးအပ်ထားတယ်လို့ ဗိုလ်လက်ျာက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ပူးပေါင်းလာသူတွေနဲ့အတူ MA-3 အမျိုးအစား သေနတ်(၃) လက်၊ G-3အမျိုးအစား သေနတ်(၂)လက်၊ G-4 အမျိုးအစားသေနတ်(၂) လက်စုစုပေါင်း (၇) လက်ပါလာတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို CDM ဝင်လာတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်သား (၃၀) ကျော်ရှိနေပြီး အခုအလင်းဝင်လာသူတွေနဲ့ဆိုရင် အယောက် (၄၀) နီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနဲ့ ပူးပေါင်းလာတဲ့ CDM တပ်သား (၁၆၀၀၀) ကျော်ရှိလာပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းသတင်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် (ပ.က.ဖ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.