ရေး၊ ဧပြီ(၂)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးလမိုင်းကျေးရွာနဲ့အေးကမ္ဘာကျေးရွာအကြား ရေး-မော်လမြိုင်ကာလမ်းမမှာ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက အိမ်စီးကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ဒေသခံ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ လမိုင်းဘက်ကနေ မော်လမြိုင်ဘက်ကို ထွက်ခွာလာတဲ့ အိမ်စီးကားတစ်စီးဟာ ဘေးလမိုင်းကျေးရွာနဲ့ အေးကမ္ဘာကျေးရွာအကြား သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါလာတဲ့ လမိုင်းမြို့နေ အသက် ၄၈ နှစ်အရွယ် ဦးမောဝနဲ့ အသက် ၄၅ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ကွန်လဟယ်တို့ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာပါ။

သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ လင်မယား ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ အိမ်စီးကား ပစ်ခတ်ခံလိုက်ရတဲ့နေရာမှာ စစ်ကောင်စီတပ် ကင်းပုန်းဝပ်တဲ့နေရာဖြစ်ပြီး ကင်းပုန်းကနေလှမ်းပစ်လို့ သေနတ်ထိမှန်တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းကလည်း ရေး-မော်လမြိုင်ကာလမ်းမမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးအထူးတင်းကျပ်ထားသလို ညမထွက်ရအချိန် ကျော်လွန်သွားလာတဲ့ ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကိုလည်း မကြာ ခဏသေနတ်နဲ့ ပစ်ခတ်နေတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.