ဘီးလင်း၊ မတ်(၃၁)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တို့မှာ စစ်ကောင်စီတပ် ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၂၄)ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိ ဘဲ ကဇိုင်းကျေးရွာထဲ လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၂ နှစ်အရွယ် ရွာသားဦးစိန်သောင်း ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မတ် ၂၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးကျေးရွာမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်က ကျေး ရွာတွေဖြစ်တဲ့ အလူးနဲ့ ဝင်းပြန်ကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဝင်းပြန်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် ဒေါ်ပုတို ကျည်ထိမှန် သေဆုံး ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်လေးတို့မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနေ့မှာလည်း ဘီးလင်းမြို့နယ် မျှင်သာတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် တောင်ကလေးကျေးရွာနေ အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။
နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်က နေအိမ် ၄၀ နီးပါး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေထဲမှာတော့ အခုရက်ပိုင်းအ တွင်း စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ နေရပ်စွန့် ခွာထွက်ပြေးရတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ