ကော့ကရိတ်၊ မတ်(၃၀)
ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းရှိ မဲကနယ်ကျေး ရွာဘက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၁၀၀၀) ကျော် စစ်ဘေးရှောင် နေရပြီး စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးအခက်အခဲပြဿနာတွေ ရင် ဆိုင်ကြုံတွေ့နေရတယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့ကစပြီး မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ်-ကျုံဒိုး ကားလမ်းမမှာရှိတဲ့ စစ် ကောင်စီရဲ့ တပ်စခန်း၊ ရဲစခန်းနဲ့ ကုန်သွယ်ရေးဇုန်အပါအဝင် စစ်ဆေးရေးဂိတ်တွေကို KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေက တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရှင် ဖမ်းဆီးခံရတာတွေရှိသလို ပြည်သူလူထုအပေါ်ပစ်မှတ်ထားကာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ကြောင့် အရပ်သားပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်ပြီး သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုကြောင့် အတွင်းမဲကနယ်၊ အပြင်မဲကနယ်ကျေးရွာတွေက ဒေသခံပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရသလို စစ်ရေးအခြေအနေကြောင့် ကော့ကရိတ်မြို့အနီးရှိ ကမိုင်ကုန်းကျေးရွာနဲ့ ကျုံဒိုးမြို့အနီးရှိ ဒေသခံပြည်သူ စုစုပေါင်းထောင်ချီလည်း တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။
တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိမှာနေရာထိုင်ခင်း၊ အစားအသောက်နဲ့ ဆေးဝါး အခက်အခဲပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒူးပလာယာခရိုင်က မတ်လ(၂၈)ရက်နေ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ(၅)ဦးထက်မနည်း ထိခိုက်သေဆုံးမှုတွေရှိ ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သလို ဘာသာရေးအဆောက်အဦးနဲ့ နေအိမ်အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံပြည်သူထောင်ချီ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး(၂)နှစ်အတွင်း KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ နည်းအမျိုးမျိုးနဲ့ လူ့အခွင့်အ ရေးချိုးဖောက်ခံခဲ့ရတာတွေကြောင့် ကျေးရွာနေပြည်သူ(၂၀၀)နီးပါးသေဆုံးခဲ့ရပြီး ပြည်သူ(၅၀၀)ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU