နေပြည်တော် ၊ မတ်(၃၀)

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ဒီကနေ့အထိ မကြေညာနိုင်သေးပေမယ့် အဲဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီအထိ ရှိနေပါတယ်။

နိုင်ငံတဝန်းစည်းရုံးမယ့်ပါတီ ၁၂ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့် ပါတီ ၅၁ ပါတီ ရှိနေပြီး အဲဒီပါတီတွေကို တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်နေတယ်လို့ စစ်ကောင် စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်ကို အရေးပေါ်ကြေညာထားတဲ့ သက်တမ်း ၂ နှစ်ပြည့်မြောက်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ အရင်ကပြောဆိုခဲ့ပေမယ့် ဒီကနေ့အထိ ရက်အတိအကျ မကြေညာနိုင်သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကို မပြောနိုင်သေးဘူးလို့ မတ် ၂၇ ရက်နေ့က ကျရောက်တဲ့ စစ်ကောင်စီ တပ်မတော်နေ့အခမ်းအနားမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိ အကျကို မကြေညာနိုင်တာဟာ မငြိမ်းချမ်းမှုနဲ့ မလုံခြုံမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို အနှစ် ၂၀ အထိ ဆက်ထိန်းချင်တာလို့ သုံးသပ်ပါတယ်။

“သန်းခေါင်စာရင်းကိုလည်း ၂၀၂၄ နှစ်ကုန်ခါနီးမှ ကောက်မယ်ဆိုတော့ ရွေးကောက်ပွဲက လုပ်မယ်ဆိုရင် ၂၀၂၅ မှ လုပ်ဖြစ်မယ်ဆိုတဲ့ ပုံစံဖြစ်သွားပြန်ရော။ အဲဒီအချိန်မှာ အခုနိုင်ငံရေးပါတီတွေ မှတ်ပုံမတင်တဲ့အတွက် နိုင်ငံရေးပါတီတွေကိုလည်း ပယ်ဖျက်ပြန်ရော။ အမှန်တကယ်ဆိုရင် ရွေးကောက်ပွဲလုပ်မယ့် အချိန်အတိအကျ လည်း မပြောနိုင်ဘူး။ အကြောင်းပြချက်က မငြိမ်းချမ်းလို့ ၊ မလုံခြုံလို့ပေါ့။ ဒီအကြောင်းပြချက်နဲ့ပဲ (စကစ)က အာဏာကို နှစ် ၂၀ လောက်အထိ ထိန်းချင်တဲ့ ပုံစံမျိုးလုပ်ချင်တာ။ အင်ဒိုနီးရှားလိုမျိုး လုပ်ချင်တာ။ အခုဆို လည်း ပုဒ်မ ၄၁၇ သုံးပြီး နောက်ထပ် ၄၁၉ သုံးပြီးတော့ နောက်ထပ် ၆ လဆိုပြီး ထပ်လုပ်တယ်။ ပြီးသွားရင်လည်း ၆ လ ဆိုပြီး ထပ်လုပ်ဦးမှာပဲ။ ဒါကို မငြိမ်းချမ်းလို့ သာမာန်အခြေအနေမဟုတ်လို့ဆိုပြီး ဒီအတိုင်းသွားနေမှာ။ လက်ရှိကရွေးကောက်ပွဲဖြစ်ဖို့ အလားလာကိုမရှိတာ။ ဒါပေမယ့် စကားလုံးလှအောင် ပြောနေတာ။ ရွေးကောက်ပွဲ လုပ်ပါမယ်ဆိုပြီး အတိအကျလည်း မပြောနိုင်ဘူး”လို့ သူက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုစွပ်စွဲချက်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီက အရေးပေါ်ကာလပြဌာန်းချက်တွေ ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲကျင်းပပေးပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်မယ်လို့ အမြဲလိုလို ပြောဆိုနေတာပါ။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ အသုံးပြုဖို့ ပြီးခဲ့တဲ့ အောက်တိုဘာမှာ တင်ဒါခေါ်ယူထားတဲ့ မဲပုံးအပါအဝင် ရွေး ကောက်ပွဲနဲ့ဆိုင်တဲ့ ပစ္စည်း ၁၀ မျိုးကိုလည်း နောင်ဘဏ္ဍာရေးနှစ်မှာ ဝယ်ယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပယ်ဖျက်ကြောင်း စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က မတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့်မလျှောက်ထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

ဖျက်သိမ်းခံရတဲ့ ပါတီတွေထဲမှာ တချို့သော နိုင်ငံရေးပါတီတွေဟာ အခြားသော ပါတီတွေနဲ့ ပူး ပေါင်းကာ အမည်သစ်နဲ့ စစ်ကောင်စီထံ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်ခွင့်အတွက် မှတ်ပုံတင်ထားကြတာရှိသလို ရှိပြီးသား ပါတီကိုဖျက်သိမ်းပြီး အခြားသောပါတီတွေနဲ့ သွားရောက်ပူးပေါင်းကြတာလည်း ရှိနေတာပါ။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ လားဟူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့လည်း ဖျက်သိမ်းခံရပါတယ်။

ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်အနိုင်ရရှိခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ဝါရင့်နိုင်ငံရေး သမား ဦးဖေသန်းကတော့ ရွေးကောက်ပွဲဘယ်ဆီမှန်း မသိသေးတဲ့အခြေအနေမှာ ပါတီရပ်တည်ရေးနဲ့ ပါတီပိုင်ပစ္စည်းတွေ အသိမ်းမခံရဖို့ မှတ်ပုံတင်ရင် စစ်အာဏာသိမ်းတာကို ထောက်ခံရာရောက်တယ်လို့ သုံးသပ်ပါတယ်။

“တစ်နိုင်ငံလုံးမှာ မငြိမ်မသက်ဖြစ်နေတယ်။ ရွေးကောက်ပွဲဆိုတာ ဘယ်ဆီမှာမှန်း မသိသေးဘူး။ အဲဒီလို အခြေအနေမျိုးမှာ ပါတီတွေအနေနဲ့ အခုဖြစ်ပျက်နေတဲ့ အခင်းအကျင်းမှာ ဝင်ရောက်လှုပ် ရှားလို့ရော ဘာထူးမှာလဲပေါ့။ ခြုံပြီးပြောချင်တာက ပါတီဆိုတာ နိုင်ငံရေးသမားတွေ စုထားတာဖြစ်တယ်။ နိုင်ငံရေးသမားဆိုတာ အမှန်တရားနဲ့ တရားမျှတမှုကို မြတ်နိုးရမယ်။ ဒါက နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီတွေရဲ့ အဓိကကျတဲ့ လက္ခဏာ ဂုဏ်သိက္ခာပေါ့။ အဲဒီတရားမျှတမှုနဲ့ အမှန်တရားကို မျက်ကွယ်ပြုပြီး တခြားအကြောင်းကြောင့် ပါတီရပ်တည်ရေး၊ ပါတီအဆောက်အဦးတွေ မသိမ်း ဆည်းရေးဆိုတဲ့ ကိစ္စတွေကြောင့် သွားပြီးတော့ ပါတီမှတ်ပုံတင်ရင် တရားမျှတမှုကို မျက်ကွယ်ပြုရာရောက်တယ်။ ဒီစစ်အာဏာသိမ်းခြင်းကို ထောက်ခံရာရောက်တယ်။ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ (စစ်အာဏာ) သိမ်းတာကို ထောက်ခံရာရောက်တယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုဒ်မ ၂၀ (က) အရ ပါတီတစ်ခုဟာ မိမိဆန္ဒအလျောက် ဖျက်သိမ်းတာဖြစ်စေ၊ ဥပဒေအရ မှတ်ပုံတင်ထားတာကို ပယ်ဖျက်ခံရရင်ဖြစ်စေ ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးတဲ့ဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် သတ်မှတ်တဲ့နည်းလမ်းအတိုင်း အပ်နှံရမယ်လို့ ဖော်ပြထားတာပါ။

NLD ပါတီဝင်၊ စမ်းချောင်းမြို့နယ်၊ ဒုတိယဥက္ကဌ ဦးဘိုဘိုဦးကတော့ “NLD ဟာ ပြည်သူလူထုရှိနေသရွှေ့ အမြဲရှိနေမယ့် ပါတီတစ်ရပ်ဖြစ်တယ်၊ဓမ္မနဲ့ အဓမ္မ ယှဉ်ပြိုင်ရင် နောက်ဆုံးပိတ် ဓမ္မကပဲနိုင်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်” လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကို ဖျက်သိမ်းပြီး နိုင်ငံရေးကနေ ထပ်မံဖယ်ထုတ်တာဟာ မြန်မာ့အရေးဖြေရှင်းရာမှာ ပိုမိုခက်ခဲစေတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ သက်ဆိုင်သူ အားလုံးပါ ဝင်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဂျပန်အစိုးရက မြန်မာစစ်တပ်ကို အလေးအနက် တိုက် တွန်းထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.