မော်လမြိုင်၊ မတ်(၃၀)
မွန်ပြည်နယ်မှာ လာမယ့်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့အတွက်ဆိုပြီး စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို သင်္ကြန်မဏ္ဍပ် မဖြစ်မနေ ဆောက်လုပ်ကြဖို့ ဖိအားပေးလာတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မဟာသင်္ကြန်ပွဲတော် စည်းကားဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က စစ်ကောင်စီ ပြည်နယ်အစိုးရရုံးမှာပြုလုပ်တဲ့ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီက ဖိအားပေးလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့အတွက် မော်လမြိုင်ကမ်းနားလမ်းတလျှောက် ဖျော်ဖြေရေး အကမဏ္ဍပ်တွေနဲ့ ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ကြဖို့ ပြောဆိုလာတာပါ။
ဒါ့အပြင် သင်္ကြန်ပွဲတော်ကာလမှာ စတုဒိသာမဏ္ဍပ်တွေနဲ့ ပြည်သူတွေ စိတ်အေးချမ်းစွာ ရေကစားနိုင်ဖို့ ဆောင် ရွက်သွားမှာဖြစ်သလို သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဝိုင်း ဝန်းပါဝင်ကြဖို့ဆိုပြီး ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။လုပ်ငန်းရှင်တစ်ဦးကတော့ အစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီးချုပ်က မြန်မာ့သင်္ကြန်ပွဲတော် စည် ကားအောင်လုပ်ပြီး ကမ္ဘာကိုချပြနိုင်ဖို့နဲ့ အဲဒီအတွက် လုပ်ငန်းရှင်တွေအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မနေ့က ပြည်နယ်ဝန်ကြီးချုပ် ပြောပြတာပေါ့။ အခုကျွန်တော်တို့ ယိုးဒယားက ဒီသင်္ကြန်ကို အမှီပြုပြီးတော့ သူ့ရဲ့သင်္ကြန်ပါ၊ သူတို့ကအစပျိုးခဲ့ပါတယ်ဆိုပြီးတော့ ယူနက်စကိုမှာ သင်္ကြန်အမွေအနှစ်ကို သူတို့ မြန်မာပြည်ကနေလုယူပြီးတော့ ဒီဟာကို သူတို့တင်ထားပြီးလို့ပြောတာ ကျွန်တော်ကြားရပါတယ်။ ဒါကိုဝန်ကြီးချုပ်ပြောတော့ အားလုံးကလည်း မြန်မြန်ဆန်ဆန်ပေါ့။ ဒီနှစ်ပိုမိုပြီးတော့ မြန်မာသင်္ကြန်ကို စည်ကားအောင် ပိုပြီးတော့ မြန်မာ့သင်္ကြန်ဟာ ဘယ်လိုလဲဆိုတာကို ကမ္ဘာကိုပြဖို့ဆိုပြီးတော့ ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့မှ ဒီနှစ်ကတော့ စည်ကားအောင်လုပ်ကြမယ်ဆိုပြီးတော့ အသင်းအဖွဲ့တွေရော၊ ကုမ္ပဏီတွေရော၊ စက်သုံးဆီဆိုင် တွေရော၊ နောက်လုပ်ငန်းရှင်တွေ အားလုံးကလည်း မဏ္ဍပ်ပေါ့နော်။ ကမ်းနားလမ်းမှာ မဏ္ဍပ်တွေစည်ကားအောင် သူတို့လုပ်ကြမယ်၊ စတု ဒိသာကျွေးကြမယ်၊ နောက်တစ်ခါ ရေကစားမဏ္ဍပ်လုပ်မယ်၊ အရင်နှစ်လိုပဲ စည်ကားအောင်လုပ်မယ်လို့ အားလုံးပဲဝိုင်းဝန်းပြီး ဆောင်ရွက်ကြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်ကာလ စည်ကားစေဖို့အတွက်ဆိုပြီး ကမ်းနားလမ်းတလျှောက်မှာ ဌာနဆိုင်ရာမဏ္ဍပ်တွေ တည်ဆောက်ဖို့နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုလည်း လုပ်ငန်းအမျိုးအစားပေါ် မူတည်ကာ စုပေါင်းပြီးမဏ္ဍပ်တွေ မဖြစ်မနေတည်ဆောက်ခိုင်းထားတယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို သင်္ကြန်စည်ကားစေဖို့အ တွက် မဏ္ဍပ်တွေတည်ဆောက်ခိုင်းပေမယ့် လုံခြုံရေးပေးဖို့နဲ့ပတ်သက်ပြီး ပြောကြားတာမရှိသလို ကမ်းနားလမ်းတစ်လျှောက် မဏ္ဍပ်တွေပြည့်ဖို့အတွက်သာ အဓိကလုပ်ဆောင်ကြဖို့ ညွှန်ကြားလာတယ်လို့ ပြောပါတယ်။
“မနေ့က အစည်းအဝေးခေါ်တာက သင်္ကြန်နီးပြီဆိုတော့ ဆောက်လုပ်ရေးနဲ့ဆိုလည်း ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့စုပြီးတော့ မဏ္ဍပ်တစ်ခုထွက်ပေးဖို့ပေါ့။ ဌာနဆိုင်ရာမဟုတ်ဘူးပေါ့။ ပုဂ္ဂလိကတွေပေါ့။ မဏ္ဍပ်တွေ ထွက်ပေးဖို့ ကိစ္စတွေပေါ့။ အဓိကတော့ သင်္ကြန်ကိုစည်အောင်ပေါ့။ ဟုတ်ပြီး မဏ္ဍပ်ဆောက်တယ်၊ ဒါပေမယ့် လုံခြုံရေးက ဘယ်သူပေးမှာလဲဆိုတာ မပြောဘူး။ တည့်တည့်ပဲ ပြောတာလုံခြုံရေးက ရှင်းရှင်းပြောရင် လိုအပ် တယ်လေ။ အဲဒါတွေကို ဘာတစ်ခုမှမပြောဘဲနဲ့ မဏ္ဍပ်ဆောက်ဖို့ ဘာဖို့ဆိုတော့သိတဲ့အတိုင်းပဲ။ သူတို့ကတော့ စည်အောင်လုပ်ချင်တဲ့ သဘောဆိုတာက မနှစ်ကလည်း ဒီလိုလုပ်တာပဲ။ အောင်မှ မအောင်မြင်တာ၊ အဓိက ကမ်းနားလမ်းတောက် လျှောက် မဏ္ဍပ်တွေပြည့်ဖို့က အရေးကြီးတာပေါ့။ ပက်တာ၊ မပက်တာတော့ နောက်တစ်ကဏ္ဍပေါ့” လို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးတစ်ဦးကလည်း ကမ်းနားလမ်းမှာ သင်္ကြန်ကာလ စည်ကားစေဖို့ မဏ္ဍပ်တွေအပြင် ကမ်းနားလမ်းရှိ သဲကွင်းနေရာမှာလည်း လမ်းလျှောက်သင်္ကြန်လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ သင်္ကြန်ပွဲတော်တွေကို ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ်မှ စတင်ကာ ကိုဗစ်ကပ်ရောဂါ အခြေအနေ တွေကြောင့် မကျင်းပခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက် ကျင်းပပြုလုပ်ခဲ့တဲ့ (၂၀၂၁)ခုနှစ်နဲ့ (၂၀၂၂)ခုနှစ် သင်္ကြန်ကာလတွေမှာလည်း ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိပါဘူး။
လက်ရှိမှာ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားအောင် လုပ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့် တော် လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပါဝင်ဆင်နွှဲတာတွေမလုပ်ဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MUN-(၂၀၂၂)ခုနှစ်က ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်မြင်ကွင်းများ ဖြစ်ပါတယ်။