ကျိုက်ထို၊ မတ်(၃၀)
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားအနီးလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၂၉ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ် ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။မုပ္ပလင်လမ်းဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆိုပါတယ်။
နှစ်ဖက်တိုက်ခိုက်မှုကြောင့် မော်လမြိုင်- ရန်ကုန်ကားလမ်း ၂ နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁ နာရီလောက်မှာ ခရီးသွားကားတွေ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ သိရပါတယ်။
တဆက်တည်း မတ်(၂၉)ရက် ၁၁ နာရီလောက်မှာလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ လက်ပံ ပင်သုသာန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးအခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာရှိ စစ်ကောင်စီ မရမ်းချောင်းအမြဲတမ်း စစ်ဆေးရေးဂိတ်ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ