ရန်ကုန် – မတ်(၂၉)
တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် လုံးဝမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
တည်ဆဲဥပဒေတွေကို ချိုးဖောက်ထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှုမရှိတဲ့အပြင် ပြည်သူလူထု ကို ကိုယ်စားပြုမှုလည်း မရှိတဲ့အတွက် သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်သမျှဟာ တရားဝင်မှုမရှိဘူး လို့ NLD ဗဟိုအလုပ်ကော်မတီအနေနဲ့ ကြေညာချက် ၇/၂၀၂၂၊၁၀/၂၀၂၂၊၁၂/၂၀၂၂ တို့နဲ့ အတိ အလင်းကြေညာထားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းတည်းက ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကိုရိုက်ချို့ဖို့နဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ NLD ပါတီကို ဖျက်ဆီးရေး ရည်ရွယ်ပြီး ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ မတရားအမှုဆင် ထောင်ချတာတွေ ပြုလုပ်ထားတာပါ။
ပြည်သူရှိနေသ၍ ပါတီရှိနေမှာဖြစ်ပြီး ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေ ပြည့်မီတဲ့အထိ ရနိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမှာဖြစ်သလို ပြည်သူနဲ့ တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အသိအမှတ်ပြုလေးစားတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးကနေ စတင်ပေါက်ဖွားလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေနဲ့ အကျိုးစီးပွားကိုသာ ဦးထိပ် ပန်ဆင် ဆောင်ရွက်နေပြီး ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကိုသာ ခံယူနေတဲ့ပါတီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ခရိုင်၊မြို့နယ်ရုံး တွေကို အကြိမ်ပေါင်း (၁၂၀) ကျူးကျော်ဝင်ရောက်ဖျက်ဆီးထားသလို ပါတီဝင်တွေကိုလည်း ဆက်တိုက်ဖမ်းဆီးထားတာ (၁၂၃၅) ဦးရှိပြီဖြစ်ကာ ပါတီဝင်(၂၆) ဦးမှာ စစ်ကြောရေးစခန်းတွေ နဲ့ ထောင်တွင်းမှာ ကျဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အကြောင်းမဲ့ ပတ်သဖြတ်ခံရသူ(၆၃) ဦးရှိပြီဖြစ်ကာ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်မှာလည်း ကြိုးပေးသတ်ဖြတ်ခဲ့ထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NLD