တိုင်ပေ – မတ်(၃၁) 

ထိုင်ဝမ်သမ္မတအနေနဲ့ အမေရိကန်ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ မက်ကာသီနဲ့ တွေ့ဆုံရင် တရုတ်အစိုးရက တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပြီး ကျွန်းနိုင်ငံရဲ့ ပြည်ပဆက်ဆံရေး အပေါ် သက်ရောက်တဲ့ ဖိအားတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိခိုက်လွယ်အခြေ အနေရှိတဲ့ ခရီးတစ်ထောက်နားမှုကို နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ 

တရုတ်အစိုးရက ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ ထိုင်ဝမ်နိုင်ငံကို သူတို့ပိုင်နက်အဖြစ် ပြောဆိုထားသလို ၂၀၁၉ ခုနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်သမ္မတရဲ့ အမေရိကန် ခရီး တစ်ထောက်နားချိန်မှာ အမေရိကန် အာဏာပိုင်တွေကို သမ္မတ ဆိုင်အင်ဝန်နဲ့ တွေ့ဆုံတာ တွေမလုပ်ဖို့ သတိပေးထားပါတယ်။ 

ထိုင်ဝမ်သမ္မတ မစ္စဆိုင်အင်ဝန်ဟာ ဂွာတီမာလာနဲ့ ဘိဇ့် နိုင်ငံတွေကို သံတမန်ရေးအရ တွေ့ဆုံဖို့ ထွက်ခွာသွားတာဖြစ်ပြီး မတ်လကုန်ပိုင်းအထိ နယူးယောက်မြို့မှာရှိနေမှာဖြစ်တယ်လို့ သိရပါ တယ်။ 

သူမရဲ့ အမေရိကန် အလယ်ပိုင်းခရီးမှ အပြန်မှာ လော့အိန်ဂျလိစ့်ကို လည်ပတ်မှာဖြစ်သလို တရားဝင်ကြေညာထားတာမရှိပေမယ့် ကယ်လီဖိုးနီးယားမှာ မက်ကာသီနဲ့ တွေ့ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

 “ပြင်ပ ဖိအားများသည် ကမ္ဘာကြီးဆီကို သွားမယ့် ကျွန်မတို့ရဲ့  ဆုံးဖြတ်ချက်ကို တားဆီး၍ မရနိုင်ပါ။ ကျွန်မတို့ စိတ်အေးလက်အေးရှိသလို ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ရှိပြီးသားမို့ ကျူးကျော်မှုကို လက်ခံမှာ မဟုတ်သလို ကိုယ်တိုင်လည်း ကျူးလွန်မှာမဟုတ်ပါဘူး” လို့

ထိုင်ဝမ် သမ္မတ နိုင်ငံကမထွက်ခွာခင် လေဆိပ်မှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အမေရိကန်မှာရှိတဲ့ ထိုင်ဝမ်သံရုံးက သမ္မတရဲ့ နယူးယောက်မြို့ကို ရောက်ရှိတာနဲ့ ပတ်သက်ပြီး အတည်ပြုထားသလို ခရီးတစ်ထောက်နားချိန်မှာ မီဒီယာနဲ့ ပြည်သူတွေကို တွေ့ဆုံ မယ့် အစီအစဉ်တော့ မရှိဘူးလို့ ပြောထားပါတယ်။ 

ထိုင်ဝမ်ဟာ တရုတ်ရဲ့ ထိလွယ်ရှလွယ် ပြဿနာဖြစ်ပြီး ဝါရှင်တန်နဲ့ အဓိက ဆက်ဆံရေးကျောရိုး တစ်ခုလည်းဖြစ်သလို နိုင်ငံအများစုက တိုင်ပေအစိုးရနဲ့ တရားဝင်ထုတ်ဖော်ပြောဆိုတာမရှိတဲ့ ဆက်ဆံရေးတွေလည်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.