ထားဝယ်၊ မတ်(၃၀)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နည်းပညာ တက္ကသိုလ်ကျောင်းသား ၂ ဦးကို မနေ့ မတ် ၂၈ ရက်နေ့မှာ စစ်ကောင်စီ ထားဝယ်အကျဉ်းထောင် တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်နည်းပညာ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်တဲ့ ကိုမျိုးမင်းဦးနဲ့ ကိုအောင်ဝေယံထွန်းတို့ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ တရားစွဲဆိုပြီးနောက် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက်နေ ကိုမျိုးမင်းဦးနဲ့ ကြက်စာပြင်ရပ်ကွက်နေ ကိုအောင်ဝေယံထွန်းတို့ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခဲ့တာပါ။
ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခံရတဲ့ ကိုမျိုးမင်းဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလတုန်းက စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ က၊ (ဂ)ပုဒ်မတွေနဲ့အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံထားရပြီး ၆ လအကြာမှာ လွတ်ငြိမ်းနဲ့ပြန်လွတ်လာသူ ဖြစ်ပါတယ်။
ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံရသူ ၃၇၀ နီးပါးမှာ ၃၄၅ ဦးဟာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူ ၂၀,၀၀၀ ကျော်အထိ ရှိလာပြီး အဲဒီထဲ ၅၀၀၀ ကျော်ဟာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံထား&တယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က မတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ