ထန်တလန် – မတ်(၃၀)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီတပ် ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တဲ့အတွက် ကလေးငယ်(၂) ဦးပါအဝင် အရပ်သား(၈) ဦးလောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေလည်းရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့မနက်(၁၀)နာရီဝန်းကျင်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာ(၂) စီးက လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သားနေအိမ်ပေါ်တည့်တည့်ကျပြီးနောက် ပွဲချင်းပြီး (၈) ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တာပါ။

ထန်တလန်မြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘဲ ဒဏ်ရာရနေသူ တွေကို ကယ်ဆယ်နေရတဲ့ အခြေအနေမှာပဲရှိသေးတယ်လို့ သူကပြောပါသေးတယ်။

စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို မြေပြင် စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်တလောမှာတော့ ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ် ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ(၅) ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အမှုပေါင်း (၆၀) ကျော်ရှိနေပြီး အဲဒီဖြစ်စဉ်တွေကြောင့် အရပ်သား (၇၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Chin Human Rights Organization (ထန်တလန်မြို့ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးထားပုံ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.