ဖားအံ၊ မတ်(၂၉)
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ် ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်တဲ့ အစီရင်ခံစာ အချက်အလက်တွေအရ သိရပါတယ်။
“မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ”ဆိုတဲ့ အစီရင်ခံစာကို မတ် ၂၇ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့တာပါ။
အဲဒီအစီရင်ခံစာမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် KNU လက်အောက်ခံတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း (၇၅၀၀) ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုအကြိမ်ပေါင်း (၁၅၀၀)နီးပါး ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ နည်းအမျိုးမျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတာတွေကြောင့် ကျေးရွာနေ ပြည်သူ(၂၀၀)နီးပါးသေဆုံးခဲ့ရပြီး ပြည်သူ(၅၀၀)နီးပါး ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်က ပေါ်တာလူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ အကြောင်းမဲ့ဖမ်းဆီးတာတွေကြောင့် ပြည်သူပေါင်း ၁၃၀၀ ကျော်ဖမ်းဆီးခံခဲ့ရကာ အခုအချိန်ထိ လွတ်မြောက်မှုမရှိတဲ့ ပြည်သူတွေနဲ့ သတင်းအစအနပင် မကြားရသေးတဲ့ ပြည်သူအများအပြား ရှိနေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဆောက်အဦးအလုံး(၂၀)၊ ဆေးရုံ(၆)လုံး၊ စာသင်ကျောင်း(၁၃)ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင် ကျောင်း(၈)ကျောင်း၊ ဘုရားကျောင်း(၆)ကျောင်း ပျက်စီးခဲ့ရပြီး အကြောင်းမဲ့မွှေနှောက်ဖျက်ဆီးပြီး လက်နက်ကြီး ပစ်ခတ်တာကြောင့် လူနေအိမ်(၈၈၂)လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါရှိပါတယ်။
KNU ရဲ့ ခရိုင်(၇)ခုအတွင်း ဖားအံခရိုင်ကလွှဲပြီး အခြားခရိုင်(၆)ခုမှာ စစ်ကောင်စီတပ်က အဆမတန် အင်အား တိုးချဲ့မှုတွေနဲ့ ဒေသအတွင်း သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တာတွေကြောင့် KNU ရဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီး အကြမ်းမဖက် လူထုအာခံလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူတွေကို ပံ့ပိုးကူညီနေတဲ့အတွက်လည်း KNU ကို စစ်ကောင်စီက ပိုမိုရန်မူလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ KNU ခရိုင်(၇)ခုအတွင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးတွေနဲ့ ကလေးသူငယ်၊ မသန်စွမ်း၊ အမျိုးသမီးနဲ့ အမျိုးသားတွေအပေါ် လေယာဉ်၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအသုံးပြုစေခိုင်းတာ၊ ပေါ်တာဆွဲခေါ်ပြီး အဓမ္မစေခိုင်းတာ၊ ကျေးရွာတွေထဲ လုယက်ဖျက်ဆီးမီးရှို့တာ အစရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုး ကျူးလွန်တာတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိနေတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရေးချိုးဖောက်မှုနဲ့ ပြည်သူအပေါ်ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်ကျူးလွန် မှုတွေကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ပြည်သူလူထု(၃၆၅၀၀၀)ကျော် ထွက် ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
သတင်း-သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU