နေပြည်တော် ၊ မတ် (၂၈)

အတိုက်အခံအဖွဲ့အစည်းတွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တချို့ကို စစ်ခေါင်းဆောင်ရဲ့ စစ်ကြေညာမှုကြောင့် ပြည်တွင်းစစ်မီး ပိုမိုကြီးထွားလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ဖက်ဆစ်တော်လှန်ရေးနေ့လို့ မှတ်ယူထားတဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့မှာ စစ်ခေါင်းဆောင်က NUG ၊ PDF ပံ့ပိုးပေးနေတဲ့ EAOs တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သူရဲ့မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ NUG နဲ့ PDF အပါအဝင် သူတို့ကိုကူညီနေတဲ့ တချို့သော EAO တွေရဲ့ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုတွေသာဖြစ်ပြီး လုံးဝရပ်ဆိုင်းအောင်ဆောင်ရွက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးမအောင်မြင်ဘူးဆိုတာ ဝန်ခံလိုက်တာဖြစ်ပြီး NUG နဲ့ ပူးပေါင်းနေတဲ့အဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ် ကြေညာလိုက်တာလို့ သုံးသပ်ပါတယ်။

“မင်းအောင်လှိုင် မိန့်ခွန်းက ၂ ခုဝန်ခံလိုက်တာပါ။ တစ်ခုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ဘူး။ နောက် တစ်ခုက သူတို့ NUG နဲ့ ပူးပေါင်းနေတဲ့ အဖွဲ့တွေကို သူတို့အနေနဲ့ စစ်ဆင်တိုက်ခိုက်တော့မယ်ဆိုတာကို သူတို့က စစ်ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအဖွဲ့အစည်းတွေက နဂိုကတည်းက စစ်ကောင်စီတပ်တွေကို တိုက်နေတာပါပဲ။ အခု ၂၀၂၃ ခုနှစ် ပွင့်လင်းရာသီအရောက်မှာ မြန်မာပြည်ဟာ NUG ဦးဆောင်တဲ့ အင်အားစုတွေ၊ PDFတွေ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲ တွေ အရှိန်အဟုန် ပိုမိုပြင်းထန်လာပါတော့မယ်။ အခုကို ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ အပြင်းအထန်စနေပါပြီ”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တချို့ကို စစ်ကြေညာပြီးနောက် မတ် ၂၈ ရက်နေ့မှာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးရှိ စစ်ကောင်စီရဲ့ မယ်ကထာ့တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ ယုံချင်စရာမရှိတဲ့ စကားတွေဖြစ်တဲ့အတွက် အလေးနက်ထားစရာမရှိဘဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ဆက်လုပ်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကမ္ဘာမှာ ပလူးပလဲ၊ပလောင်းပလဲ အဖြစ်နိုင်ဆုံးလူက ပြရမယ်ဆို ဒီလူပဲပြရမယ်။ မနက်တစ်မျိုးပြောလိုက်၊ ည တစ်မျိုးပြောလိုက်။ နေ့ပြောလိုက်၊ ညပြောလိုက်နဲ့ အဲဒီလိုပဲ ဖြစ်နေတာ။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးပြော လိုက်၊ စစ်တိုက်လိုက်နဲ့ အဲဒီလိုပဲ လုပ်တယ်။ ဘယ်သူက ယုံချင်စရာရှိလို့ ဒီလိုမျိုးစကားပြောတဲ့ဟာ ဘယ်လိုမှ အတည်ပြုလို့ မရဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့က ဒါကို သိပ်ပြီးအလေးနက်ထားစရာလည်း မရှိဘူး။ ကိုယ်လုပ်စရာရှိတာ ဆက်ပြီးတော့ လုပ်သွားမှာဖြစ်တယ်။ ဒီနေ့ဒီကာလမှာ ဖြစ်ရှိနေတဲ့အခြေအနေအားလုံးကို ဘယ်သူမှ လက်ခံလို့မရဘူးဆိုတာ ကျွန်တော်တို့က အဲဒါကို ပျက်စီးအောင် အကုန်လုံးချုပ်ငြိမ်းသွားအောင်လုပ်ဖို့ တာဝန်ပဲရှိတယ်။ အဲဒါပဲ ဆက်လုပ်သွားမယ်”လို့ သူက ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကလည်း အာဏာသိမ်းမှုကြောင့် နိုင်ငံဟာ Fail State အဆင့်ရောက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ ၂ နှစ်အတွင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်အရေးယူမှုတွေကြောင့် ချင်းတောင်မှာ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ပျက်စီးရတာလို့ တုံ့ပြန်ပါတယ်။

“ပြည်သူ့အစိုးရဆီကနေ သူကပဲ အကြမ်းဖက်ပြီးတော့ မတရားအာဏာသိမ်းတာဖြစ်တယ်။ ဒီနေ့ မြန်မာ့နိုင်ငံ ရေး အခင်းအကျင်းက စစ်ကောင်စီက အာဏာသိမ်းလိုက်လို့ ကျွန်တော်တို့နိုင်ငံ သူပြောနေတဲ့ အမျိုးသားအ ကျိုးစီးပွားတွေ ကျရှုံးနေတယ်ဆိုတာ သူကအာဏာသိမ်းလိုက်လို့ပဲ။ အခု ကျွန်တော်တို့နိုင်ငံ Fail State အဆင့် ကို ရောက်နေတာ ဖြစ်တယ်။ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်ဆိုတာ အခု ၂ နှစ်လုံးလုံး တိုက်ပွဲတွေဖြစ်နေတယ်။ သူ့ရဲ့ အရေးယူမှုက ချင်းတောင်ဆိုရင် စစ်အုပ်ချုပ်ရေးတောင် ကြေညာခံရတယ်။ ချင်းတောင်ပြည်သူတွေ အသက်အိုးအိမ်စည်းဇိမ် ပျက်စီးရတယ်။ အပြစ်မဲ့ပြည်သူတွေကို မတရားခြိမ်းခြောက် သတ်ဖြတ်ထောင်ချခဲ့တယ်။ အဲဒီမှာ ဒီကာချုပ်မင်းအောင်လှိုင်ကနေ ပြတ်ပြတ်သားသား အရေးယူမယ်ဆိုတာ အခုအရေးယူနေတာပဲ”လို့ သူက ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားပေမယ့် အာဏာသိမ်းမှုအလွန် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပူးပေါင်းပြီး လက်နက်ကိုင် ခုခံတော်လှန်နေတာပါ။

ချင်းလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (CHRO) ရဲ့ အချက်အလက်တွေအရ ချင်းပြည်နယ်ရှိ မြို့နယ်လေးခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ အနည်းဆုံး ၁၄၀ နီးပါး ကြဲချခဲ့တယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် လာရောက်နိုင်ဖို့ တပ်မတော်အနေနဲ့ အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိတယ်လို့ စစ်ကောင်စီရဲ့ တပ်မတော်နေ့မှာ စစ်ခေါင်းဆောင်က ထပ်မံဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆ လိုင်းယောအောင်ကတော့ စစ်ခေါင်းဆောင်ပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အနှစ် သာရမရှိတဲ့ ဆွေးနွေးပွဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်ဆိုတာ သူ့စကားနဲ့ပဲ ကျွန်တော်ပြောချင်ပါတယ်။ မင်းအောင်လှိုင် စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံ(ညီလာခံ)အဖွင့်မှာ ပြောတဲ့စကား ဖြစ်ပါတယ်။ အဲဒါကတော့ ဆိတ်ခေါင်းချိတ်ပြီးတော့ ခွေးသားရောင်းတဲ့ သဘောပဲလို့ ကျွန်တော်တော့ မြင်ပါတယ်။ သူ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဘာမှအနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမဟုတ်ဘူးလို့ ပြောချင်ပါတယ်” လို့ သူက ဆိုပါ တယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့ချိန်အထိ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး အတိုက်အခံအဖွဲ့အစည်း တော်လှန်ရေးအင်အားစုတွေဘက်က PDF တွေအပြင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့နဲ့လည်း လက်နက်ကိုင်တိုက်ပွဲတွေ ရင်ဆိုင်နေရတာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဟာ နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေ မှုန်းရေးမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

အခုရက်သတ္တပတ်အတွင်းမှာလည်း အဲဒီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတ ချို့မှာ လက်နက်ကိုင်တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ကယားပြည်နယ်၊ ဒေါတမကြီးကျေးရွာတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံးခဲ့ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ် အာဏာသိမ်းတဲ့၂ နှစ်အတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ် ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ၂၀၁၈ ခုနှစ်အတွင်း စစ်တပ်က စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေပုံ (Photo-CINCDS)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.