ဘော်လခဲ – မတ်(၂၉)
ကယားပြည်နယ်၊ သံလွင်မြစ်အရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ထိုင်း-မြန်မာနယ်စပ် ခြေကုပ် စခန်းတစ်ခုဖြစ်တဲ့ BP-11 စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် KA အမှတ်-၅ တပ်ရင်းက မတ်လ(၂၈) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၂၄) ရက်နေ့က KA အမှတ်(၅) တပ်ရင်းနဲ့ စုပေါင်းတပ်က စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃) ဦးသေဆုံးပြီး ၆၀-မမ တစ်လက်နဲ့လက်နက်ငယ်(၆) လက် သိမ်းဆည်းရရှိထားတယ်လို့ KA ကဆိုထားပါတယ်။
ဒါ့အပြင် မတ်လ(၁၆) ရက်နေ့ကလည်း သံလွင်အရှေ့ခြမ်းက နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီ ဟွေ့ဟိုင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် လေယာဉ်နဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်စခန်းတွေကို မတ်လအစောပိုင်းကစပြီး တပ်အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ ကြိုးစားလာတဲ့အတွက် ကရင်နီတပ်မတော်နဲ့ ပူးပေါင်းအဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်တာတွေလုပ်ဆောင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KA