မော်လမြိုင် – မတ်(၂၈)

အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြတဲ့ နိုင်ငံရေးပါတီအားလုံးကို လေးစားဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ မတ်လ(၂၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၁၂) ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းဝေးမှာ အခုလိုပြောခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းအပြင် အစိုးရအဖွဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါ တယ်။

“အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစား ဂုဏ်ပြု ကြောင်း ဒီနေရာက နေပြောလိုပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ သူ့ရဲ့လက်ဝေခံ လက်နက်ကိုင်အဖွဲ့ကို ကောင်းစွာမထိန်းချုပ်နိုင်တော့ တဲ့အပြင် လက်တွေ့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့်ကြောက်ရွံ့နေတယ်လို့ ပြောပါသေးတယ်။

မတ်လ(၂၇) ရက်နေ့က စစ်ခေါင်းဆောင်ပြောခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ် ချေမှုန်းမယ်ဆိုတဲ့စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ်ကို ဖော်ပြနေတာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံမတင်တဲ့ NLD ပါတီအပြင် ပါတီ(၄၀) ကျော်ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းတယ်လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.