ဖနွမ်းပင် – မတ်(၃၀)
ကမ္ဘောဒီးယားဘုရင်ကို ပုပ်ခတ်ပြောဆိုတာတွေလုပ်ခဲ့လို့ တရားစွဲခံထားရတဲ့ တက်ကြွလှုပ်ရှား သူတစ်ဦးဟာ ဝန်ကြီးချုပ်ဟွန်ဆန်ကို တရားဝင်တောင်းပန်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက် လာတယ်လို့ သိရပါတယ်။
ယင်မ်ဆီနွန်နဲ့ ဟွန်ကိုဆယ် ဆိုတဲ့ အတိုက်အခံခေါင်းဆောင်(၂) ဦးဟာ ဘုရင်ကို စော်ကား ပုပ်ခတ် တဲ့အပြင် လူမှုကွန်ရက်ပေါ်မှာ ရေးသားလှုံ့ဆော်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခံခဲ့ရတာပါ။
ကမ္ဘောဒီးယားမှာ လာမယ့် ဆီးဂိမ်းပွဲအတွက် မီးရှုးအလင်းတိုင်ထွန်းပွဲကို ဘုရင်၊ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အကြီးတန်းအစိုးရအရာရှိတွေ တက်ရောက်ခဲ့ကြတဲ့ ရုပ်သံတွေထုတ်လွှင့်ပြီးနောက် အတိုက်အခံတွေက ဝေဖန်ရေးသားခဲ့ကြတာပါ။
“ကဖေးဆိုင်များမှ လူထု၏ အသံများအရ ယနေ့မှာတော့ ဘယ်သူက ဘုရင်အစစ်အမှန် ဖြစ်ကြောင်း ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပြီ” လို့ အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါရဲ့ ထောက်ခံသူ တစ်ဦးဖြစ်တဲ့ မစ္စတာဆီနွန်ရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် သူဟာ ကမ္ဘောဒီးယားဘုရင်နိုရိုဒွမ်ဆီဟမ်နွိုင် နဲ့ ဟွန်ဆန်တို့ကို လူသိရှင်ကြား တောင်းပန်ခဲ့ပြီး မရည်ရွယ်တဲ့ အမှားအတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
AFP တွေ့မြင်ထားရတဲ့ ဖမ်းဝရမ်းအရ တရားရုံးက အာမခံပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး မစ္စတာ ဆီနွန်ကို ပြန်လွှတ်ပေးဖို့ ထောင်အာဏာပိုင်တွေကို အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ၂၀၁၈ ဘုရင့်ဥပဒေအရ ထောင်ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်ပြီး အမြင်မတူတဲ့ အစုအဖွဲ့တွေကို ပစ်မှတ်ထားရာမှာ အဓိကဦးတည်ထားတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး အုပ်ချုပ်သူ တစ်ဦးဖြစ်တဲ့ ဟွန်ဆန်ဟာ ၁၉၈၅ ခုနှစ် အာဏာရလာတည်းက ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို ဆုံးရှုံးခဲ့ရပြီး အတိုက်အခံတွေကို တားဆီးဖို့ တရားရုံးတွေကို အသုံးပြုခဲ့တယ်လို့ ဝေဖန်သူတွေက ဆိုထားပါတယ်။
ဒီလအစောပိုင်းမှာလည်း ဟွန်ဆန်အစိုးရကို ဖြုတ်ချဖို့ နိုင်ငံခြားအစိုးရကို အကူအညီတောင်း ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါ ကို နေအိမ်အကျယ်ချုပ် ထောင်ဒဏ် (၂၇) နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Ref: AFP