သထုံ ၊ မတ်(၂၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေထဲကို နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

KUN သထုံခရိုင်ရဲ့ မြို့နယ်တွေ ဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်ထဲက ကျေးရွာတွေအပေါ် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ သထုံမြို့နယ် ကျုံမိန်ကျေးရွာနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ် မဝင်းဝင်းရီနဲ့မောင်ထိပ်ပြောင်တို့ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့သလို ဒေသခံ ဒေါ်မနူးဖိုးနဲ့ စောနော့ဒါးမူးတို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇီးပြောင်းကျေးရွာနေ အမျိုးသား တစ်ဦး ဒဏ်ရာရရှိထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာလည်း ဘီးလင်းမြို့နယ် အခြေစိုက်စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အဝန်းကြီးကျေးရွာနေ အသက် ၅ နှစ်အရွယ် မောင်ဖိုးသင်္ကြန် လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

မတ်လ ၂၀ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် သံတံတားစစ်ရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရဝေးဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရွာသား ဦးကုလားနဲ့ ကိုအောင်လွင်တို့ သေဆုံးခဲ့သလို ဒေါ်စိန်ညွှန့်မှာလည်း ဒဏ်ရာရရှိခဲ့တာပါ။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီး ပစ်ခတ်မှုအတွက် အကောင်းဆုံး တုံ့ပြန်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU သထုံခရိုင်ထဲမှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးထားသလို နွားတစ်ကောင်လည်း သေဆုံးထားတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.