ပိုက်ဘီးလင်း ၊ မတ် (၂၅)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လယ်ဆောလော့ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်တဲ့ လယ်ဆော့လော့ BGF စခန်းကို ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၂ နာရီနီးပါးကြာ ဖြစ်ပွားပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး BGF တပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ BGF တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး RPG တစ်လက်၊ သေနတ် ၅ လက်၊ RPG ဗုံးသီးတွေအပါအဝင် သေနတ်ကျည်ဆံတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ဦးခေါင်းကျည်ရှပ်ထိမှန် ဒဏ်ရာ ရရှိခဲ့ပေမယ့် မစိုးရိမ်ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ လယ်ဆောလော့၊ မဲလံနဲ့အနီးအနားရွာတွေက ဒေသခံတွေ ထွက်ပြေးရတာတွေ ရှိပြီး အခုအခါမှာတော့ ကျေးရွာအတွင်း ပြန်လည်နေထိုင်တာတွေ ရှိပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်ဒ ဘီးလင်းမြို့နယ်၊ ကျသောင်းဆိပ်ကျေးရွာရှိ BGF စခန်းကို KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းမီးရှို့နိုင်ခဲ့ပြီး BGF တပ်ဖွဲ့ဝင်တချို့သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KIC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.