နေပြည်တော် ၊ မတ် (၂၅)

စစ်ကောင်စီ အသစ်ပြဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေအတိုင်း ပြန်လည် မှတ်ပုံမတင်ဘဲ လုပ်ငန်းဆောင်ရွက်နေတဲ့ အသင်းအဖွဲ့ကို စတင်အရေးယူဖို့ စစ်ကောင်စီဘက်က ပြင်ဆင်လာတယ်လို့ အသင်းအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အသင်းအဖွဲ့ပိုင် ငွေကြေးနဲ့ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တာ၊ အသင်းအဖွဲ့အတွင်း ပါဝင်သူတွေကိုလည်း ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ အတည်ပြုဌာန်းလိုက်တာပါ။

အသင်းအဖွဲ့ ဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီဘက်က အခုမတ်လကစပြီး အသင်းအဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပြီး ဥပဒေပါအကြောင်းအရာတွေကို ချပြရှင်းလင်းတာနဲ့ မှတ်ပုံမတင်ဘဲ လုပ်ငန်းဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေကို အရေးယူသွားမယ်လို့ သတိပေးလာတာ ဖြစ်ပါတယ်။

အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၃၃ အရ ဘယ်သူမဆို မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့စည်းရင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ ကျပ် ၁၀ သိန်းထက်မပိုတဲ့ ငွေဒဏ် ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အသင်းအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီက ဥပဒေအကြောင်း ချပြရှင်းလင်းလာတာကြောင့် မကြာမီကာလအတွင်း အရေးယူလာနိုင်တယ်လို့ သုံးသပ်တာပါ။

“အဓိကတော့ ကျွန်တော်တို့ရဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပေါ့နော်၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကို ကျွန်တော်တို့ အသင်းအဖွဲ့တွေကို ချပြတာပဲဗျ၊ သူတို့ အနေနဲ့တော့ အခု အရေးယူမှုက လက်ရှိမှာတော့ ဥပဒေရဲ့ သက်တမ်းက ဝင်နေပြီးပေါ့နော်၊ ဥပဒေ ထုတ်ပြန်ထားတာ ရက်ပေါင်း (၆၀) ကျော်သွားပြီး ဖြစ်တဲ့ အတွက် ဥပဒေသည် အသက်ဝင် နေပြီး၊ ဒါပေမယ့် အခုချိန်မှာတော့ နားလည်မှုနဲ့ ပေးနေသေးတယ်၊ ပေးနေသေးတယ် ဆိုတာ ကျွန်တော်ထင်တာ အများဆုံး (၃)လလောက်ပေါ့ ပြီးရင်တော့ အဲဒီအပိုင်း ဆိုင်ရာတွေကို အရေးယူမှုတွေတော့ ဆောင်ရွက်မယ့် အနေအထားမျိုးတွေ တွေ့နေရတယ်ဗျ၊ အရေးယူတဲ့ အပိုင်းတွေက ကျွန်တော်ထင်တာ နောက်(၃)လလောက် နေရင် စမယ်လို့ ထင်တယ်၊ အဲတာကလည်း ကျွန်တော်တို့ ဒီကိုယ့်မြို့နယ် ကိုယ့်ပြည်နယ်ရဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပေါ့နော်၊ မှတ်ပုံတင်ရေး ဥက္ကဋ္ဌနဲ့တော့ သက်ဆိုင်တယ်ဗျ၊ သူက ညွှန်ကြားမှ ရမှာကို သူညွှန်ကြားရင်တော့ ဆောင်ရွက်လိမ့်မယ်၊ ရန်ကုန်တိုင်းတော့ စနေပြီးဗျ”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် အရပ်ဖက်လူမှု အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေကို လွတ်လွတ်လပ်လပ် ကူညီဆောင်ရွက် ပေးလို့ မရတော့သလို အရေးယူမှုတွေ ပြုလုပ်လာပါက အဖွဲ့အစည်းတွေအနေနဲ့ ဖျက်သိမ်းပြီး ရပ်နားလာနိုင်တယ်လို့ ဆိုပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် ပြည်ပအကူအညီ ယူထားတဲ့ အဖွဲ့အစည်းတွေသာလျှင် မှတ်ပုံတင်နိုင်တဲ့ အခြေအနေရှိပြီး တနိုင်တပိုင် ပြည်သူတွေကို ကူညီတဲ့အဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။

“ဘာခက်ခဲလဲ ဆိုတော့ CSO တချို့တွေက တင်ချင်တယ်၊ အဲဒီမှာ သူတို့ရဲ့ ဥပဒေထဲမှာ ပါတာက ကိုယ်နဲ့ တွဲဖက်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းရဲ့ ထောက်ခံချက်ကို တောင်းခိုင်းတယ်၊ ထောက်ခံချက် တောင်းခိုင်းတဲ့ နေရာမှာ အဲဒီ အဖွဲ့အစည်းတွေဆီ သွားတောင်း ရတာတွေ ရှိတာပေါ့နော်၊ အဲဒီအခါကျတော့ အဲဒီနေရာတွေကနေ ထောက်ခံချက်ကို သူတို့ လမ်းညွှန်မှု မပေးထားတဲ့ အတွက် သူတို့ ဆီကနေ အတိအပကြီး ချက်ချင်းကြီးကို မပေးရဲကျဘူးပေါ့နော်၊ အဓိက အထက်က လမ်းညွှန်မှု ပေးထားရင် ဒီအဖွဲ့တွေကို စစ်ဆေးလိုက်ပြီးတော့ ထောက်ခံချက် ပေးပေးတယ် ဆိုရင်တော့ အဖွဲ့အစည်းတွေက တော်တော်များများ ဝင်လာမှာပေါ့နော်၊ အခု တချို့ ကိုယ်နိုင်တဲ့ စွမ်းအင်လေးနဲ့ ကိုယ့်ဟာကို လုပ်ကျတာပေါ့နော်၊ ဒါပေမယ့် တခြား ဒိုနာတွေကို မလျှောက်ထားဘူးပေါ့နော်၊ အဲဒီ အဖွဲ့မျိုးဆိုရင် လုပ်တော့ လုပ်နေတယ်၊ သို့ပေမယ့် ကိုယ်ရဲ့ အရင်းအမြစ်နဲ့ ကိုယ့်အဝန်းအဝိုင်း အတွက် လုပ်နေတဲ့ အဖွဲ့တွေကျတော့ အတိအကျတော့ လက်လှမ်းမမှီ သေးဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၃၄ နဲ့ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်အရ ဘယ်သူမဆို မှတ်ပုံတင်လက်မှတ် သက်တမ်းကျော်လွန်တာ၊မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ပြီးနောက် အသင်းအဖွဲ့ကို ဆက်လက်ရပ်တည်ခြင်း မပြုရဆိုတဲ့ အချက်အပြင် မှတ်ပုံတင်လက်မှတ်မရှိတဲ့ အသင်းအဖွဲ့မှာ အသင်းဝင်အဖြစ် ပါဝင်တာ၊ ဆောင်ရွက်တာ၊အားပေးကူညီတာ ဒါမှမဟုတ် အယောင်ဆောင်ခြင်း မပြုရဆိုတဲ့ အချက်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။

အဲဒီ ပုဒ်မ နှစ်ခုပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်နိုင်သလို ငွေဒဏ်မဆောင်ရင် နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပုဒ်မ ၃၈ မှာတော့ မှတ်ပုံတင်လက်မှတ်ရရှိထားတဲ့ ဘယ်အသင်းအဖွဲ့အဆို နိုင်ငံတော်ကို ဆန့် ကျင်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ် မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေအပါအဝင် မတရားအသင်းနဲ့ မတရားအသင်းရဲ့ အဖွဲ့ဝင်တွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်တာ ဒါမှမဟုတ် အားပေးကူညီတာ မပြုရဘူးလို့ ပြဋ္ဌာန်းထားတာပါ။

ဥပဒေပညာရှင်တွေကတော့ စစ်ကောင်စီရဲ့ အသင်းအဖွဲ့ ဥပဒေဟာ မှတ်ပုံတင်ပြီးသား အသင်းအဖွဲ့နဲ့ မတင်ရသေးတဲ့ အသင်း အဖွဲ့တွေကို အချိန်မရွေး အရေးယူလာနိုင်ပြီး အတိုက်အခံအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ရေးလမ်း ကြောင်းတွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -MNP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.