မြဝတီ – မတ်(၂၅)
ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ကျုံဒိုးမြို့ကြား စစ်ရေးအခြေအနေ ရှုပ်ထွေးနေတဲ့အတွက် ပြည်သူတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ကျားဖြူစစ်ကြောင်းက အသိပေးထားပါတယ်။
ကော့ကရိတ်-ဘားအံ ကားလမ်းပေါ် ကျုံဒိုးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၄၆)တပ်ရင်းနဲ့ နယ်မြေခံ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတာပါ။
“ယနေ့ ( ၂၅၊၃၊၂၀၂၃ ) ရက်နေ့မှ စ၍ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် မှ မြဝတီ မြို့နယ်အတွင်း စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူ လူထုအနေဖြင့် အဆိုပါ ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်း နှင့်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝ( လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်” လို့ ကျားဖြူ စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကျုံဒိုးမြို့ထဲမှာ ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် နဲ့ KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင် ဖမ်းဆီးရမိတာတွေရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
ဒီကနေ့ မနက်(၉)နာရီ (၁၅)မိနစ်အချိန်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ကျုံဒိုးမြို့ရဲစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို ရဲတပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်ခဲယမ်းတွေကိုပါ ဖမ်းဆီးသိမ်းဆည်းရနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်တလော မြေပြင်အခြေအနေမှာ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပေမယ့် မြေပြင်အခြေအနေအသေးစိတ်ကိုတော့ သံလွင်တိုင်းမ် အနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – ကျားဖြူ စစ်ကြောင်း